ကသာ၊ ၃၁  ဇန်နဝါရီ

ကသာမြို့နယ်ရှိ မတ်ပဲစိုက်ပျိုးတောင်သူများက ခြွေလှေ့စက်များဖြင့် လုပ်ငန်းလျှင်မြန်စွာ ပြီးစီးနိုင်ရေး ပြောင်းလဲအသုံးပြုသူ များလာလျက်ရှိကြောင်း သိရသည်။

“ယခင်နှစ်တွေကတော့ မတ်ပဲခြွေလှေ့ခြင်းကို ခိုင်းနွား၊ ကျွဲနွားတွေနဲ့ မနက်စောစောထပြီး ပဲနင်းချေခြင်းကို နေအိမ်ရှိ မိသားစု တစ်ယောက်စီတိုင်း သင့်လျော်သလို လုပ်ကိုင်ကြတာ အားလပ်တယ်မရှိကြဘူး၊ ခြွေလှေ့စက်တွေနဲ့ သုံးစွဲလာကြတော့ အလုပ်တွင်ကျယ်လာကြတာပေါ့” ဟု အင်းဒရန့်ကျေးရွာနေ ဦးမောင်မောင် ကပြောပြသည်။

ကသာမြို့နယ်၌ မတ်ပဲစိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးခြင်းနှင့် ပဲကြဲစိုက်ပျိုးခြင်း ပြုလုပ်လေ့ရှိကြပြီး အတန်းလိုက် စိုက်ပျိုးနိုင်သူများ မတ်ပဲထွက်ရှိနှုန်း ပိုမိုရရှိကြကာ ရိတ်သိမ်းရလွယ်ကူကြောင်း သိရသည်။ 

မတ်ပဲစိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲမျိုးစေ့တစ်တင်းလျှင် ၄ သောင်းကျော် ဝယ်ယူစိုက်ပျိုးကြပြီး ယခုနှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် မတ်ပဲ ၃ တင်းအိတ် တစ်အိတ်လျှင် ၆ သောင်းကျော်စျေးပေး၍ ပဲလှမှုအပေါ်မူတည်ပြီး ဝယ်လျက်ရှိကြောင်း ပဲမျိုးမျိုးရောင်းဝယ်ရေးမှ သိရသည်။

ငွေအိုး(ကသာ)