ရန်ကုန်၊  ၃၁  ဇန်နဝါရီ 

 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ ရွှေမင်္ဂလာဈေးကြီး အပါအဝင် အဆိုပါ ဝင်းအတွင်းရှိ မင်္ဂလာဈေး အုပ်စုအားလုံးကို  ဖေဖော်ဝါရီ ၁  ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။  

 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနအနေဖြင့် အဆင့်မြင့် ရွှေမင်္ဂလာဈေးကြီး အပါအဝင် အဆိုပါ ဝင်းအတွင်းရှိ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေး (ယာယီ)၊ မင်္ဂလာဈေးသစ်နှင့်  ရွှေပြည့်စုံဈေးတို့ကို တစ်ပြိုက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ ဈေးများကို ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း စက်တင်ဘာ ၁၂ ရက်တွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ် -၁၉ ကပ်ရောဂါ ပထမလှိုင်းတွင်လည်း အဆိုပါဈေးများကို နှစ်လကြာ ယာယီပိတ်ထားခဲ့ပြီး  ယခု ဒုတိယလှိုင်းတွင် အရောင်း၊ အဝယ် ရပ်နားထားခဲ့သည်မှာ လာမည့်ဖေဖော်ဝါရီ ၁၂ ရက်တွင် ငါးလပြည့်မြောက် တော့မည်ဖြစ်ကြောင်း သိရသည်။

           

 

“ဒီဈေးကြီးတွေပိတ်တာက ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ နှစ်ကျော့ဖြစ်သွားတာပေါ့၊ ပထမတစ်ကျော့ကလည်း နှစ်လလောက် ပိတ်လိုက်သေးတယ်၊ အခုလည်း ငါးလလောက်ကြာလာပြီ ဆိုတော့ အားလုံးနစ်နာမှုတွေ ရှိခဲ့တယ်၊ အလုပ်ရှင်၊ အလုပ်သမား၊ ကုန်သည်၊ ပွဲစား ဘက်ပေါင်းစုံပါပဲ။ ဒီပိတ်တဲ့ ကာလတွေမှာ အိမ်ကပဲ ဖောက်သည်တွေ ဖုန်းနဲ့မှာတာ ရောင်းရတော့ သိန်းပေါင်းများစွာ နစ်နာမှုခဲ့တယ်။ ခုလို ဈေးကြီးကို သက်ဆိုင်ရာက ပြန်ဖွင့်လှစ်ပေးလိုက်တော့ အတိုင်းမသိ ဝမ်းသာမှု ဖြစ်ရပါတယ်” ဟု ရွှေမင်္ဂလာဈေးမှ အရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးမောင်သိန်းလင်းက  မြန်မာ့အလင်းသို့ ပြောသည်။  

 

mdn

 

 

ဈေးသူဈေးသားများ တောင်းဆိုမှုအရ အဆိုပါဈေးများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဇန်နဝါရီ လဆန်းပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ တင်ပြကာ လမ်းညွန်မှုများနှင့်အညီ ဇန်နဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်နိုင်ရေး တင်ပြခဲ့သော်လည်း ယခုဖေဖော်ဝါရီ ၁ ရက်မှသာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဈေးဆိုင်ခန်းများအား ဇန်နဝါရီ ၃၁ ရက်တွင် လာရောက် သန့်ရှင်းရေး လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ရာ တချို့ဆိုင်ရှင်များသည် သန့်ရှင်းရေးလုပ်ကာ တစ်ပြိုင်တည်း ဖွင့်လှစ်ရောင်းချနေသည်များလည်း တွေ့ရသည်။ 

 

 

ဈေးများ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ခြင်းသည် မြို့နယ်ကိုဗစ်-၁၉ ကပ်ရောဂါကော်မတီက သဘောတူ ခွင့်ပြုပေးထားပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လမ်းညွန်ချက်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ဝင်းအတွင်း၌ အဆင့်မြင့်ရွှေမင်္ဂလာဈေးကြီး အပါအဝင် မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေး (ယာယီ)၊ မင်္ဂလာဈေးသစ်တို့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်တွင်ရှိပြီး ဆိုင်ခန်းပေါင်း ၆၀၀၀၀ ကျော်ရှိကာ ပုဂ္ဂလိကပိုင်ဈေးဖြစ်သည့်  ရွှေပြည့်စုံဈေးမှာ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိသည်။  ဈေးများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသော်လည်း  ယခုကဲ့သို့ တစ်ကျော့ပြန်ဖွင့်ရာတွင် ပိတ်ရက်ကိုလည်း ယခင်ဉပုသ် တစ်ရက်နှင့် နိုင်ငံတော်က သတ်မှတ်ပေးထားသော အခါကြီးရက်ကြီးများတွင်ပိတ်ကာ ဈေးဖွင့်ချိန်ကိုလည်း ပြောင်းလဲမှုမရှိဘဲ ယခင် နံနက် ၇ နာရီမှ ည ၆ နာရီအထိ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ- မင်းထက်

 

mdn