ရန်ကုန်၊  ၃၁  ဇန်နဝါရီ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးဓာတ်အားခွဲရုံနှင့် တိုက်ကြီးမြို့နယ် အိုက်ကလောင် ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ် အားပေး‌ရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့က လှည်းကူမြို့နယ်ရှိ 33/11 kV, 5 MVA ဖောင်ကြီးဓာတ်အားခွဲရုံ ကမ္ဗည်း မော်ကွန်းကျောက်စာအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာပက်ဖျန်းကာ ခွဲရုံအတွင်း လှည့်လှည် ကြည့်ရှုကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ် 33/11 kV, 5MVA အိုင်ကလောင်ဓာတ်အားခွဲရုံသို့ သွားရောက်ကာ ဓာတ်အားခွဲရုံအား ဆက်လက် ဖွင့်လှစ်ပေးသည်။

 

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ၃၃ ကေဗွီ ဓာတ်အားခွဲရုံ စုစုပေါင်း ခြောက်ရုံအနက် တိုက်ကြီးမြို့နယ် 33/11 kV, 5 MVA  အိုင်ကလောင် ဓာတ်အားခွဲရုံနှင့် လှည်းကူးမြို့နယ်  33/11 kV, 5 MVA  ဖောင်ကြီးဓာတ်အားခွဲရုံ တို့ကို ယနေ့ ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်ဓာတ်အားခွဲရုံ လေးရုံဖြစ်သည့် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ဓာတ်အားခွဲရုံ၊ လှည်းကူးမြို့နယ် ငါးဆူတောင်ဓာတ်အားခွဲရုံ၊ ခရမ်းမြို့နယ် ညောင်လန်းဓာတ်အားခွဲရုံနှင့် အုတ်ဖိုဓာတ်အားခွဲရုံတို့ကိုလည်း မကြာမီ ဆက်လက်ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏  ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ခုနှစ်တွင် ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေး စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးနှင့်  ကျေးရွာအား လုံး(၁၀၀) ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိသည့်အခမ်းအနားကို မတ်လအတွင်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ယနေ့ ဖွင့်လှစ်ခဲ့သော ဖောင်ကြီးမြို့ရုံးဓာတ်အားခွဲရုံမှာ ယခင်က 33/11kV, 10 MVA ခွဲရုံတစ်ခုသာ ရှိခဲ့ပြီး ယခုအခါ 5MVA ဓာတ်အားခွဲရုံတစ်ရုံ ထပ်မံတိုးချဲ့နိုင်ခဲ့သည့်အတွက် ထိုဒေသရှိ ကျေးရွာပေါင်း ၁၃ ရွာ၊ အိမ်ထောင် ၈၅၀  လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုလာနိုင်ခဲ့ သည့်အပြင် COVID-19 ကုသရေးစင်တာ( ဖောင်ကြီး)၌ ထပ်မံတိုးချဲ့ တပ်ဆင်ပေးရသည့် ထရန်စဖော်မာများမှ လျှပ်စစ်ဓာတ်အား တိုးမြင့်သုံးစွဲလိုခြင်းအတွက် များစွာအထောက်အကူရရှိခဲ့ပါကြောင်း၊ တိုက်ကြီးမြို့နယ် အိုင်ကလောင်ဒေသကို ယခင်က (၁၇)မိုင်ခန့်ဝေးသည့် တော်လတီ ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ပေးရသဖြင့် ဗို့အားကျဆင်းခြင်း၊ ဗို့အားမတည်ငြိမ်ခြင်း၊ ဓာတ်အားပြတ်တောက်ပါက ဓာတ်အားပြန်လည် ရရှိရန် အချိန်ကြာမြင့်ခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယခုကဲ့သို့ ဓာတ်အားခွဲရုံတစ်ရုံ တိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့သဖြင့် ယင်းဒေသကျေးရွာ ၄၀ အိမ်ထောင် ၃၀၇၄ ကျော်ခန့် တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ် ဓာတ်အားကို တိုးမြင့်သုံးစွဲနိုင်လာမည်ဖြစ်ကြောင်း၊ တိုက်ကြီးမြို့နယ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေအသုံးပြုပြီး ၂၀၁၉-၂၀၂၀  ဘဏ္ဍာ နှစ်တွင် 33/11 kV, 5MVA ဓာတ်အားခွဲရုံနှစ်ရုံတိုးချဲ့ တည်ဆောက်ခြင်းနှင့် ကျေးရွာ(၅၇)ရွာ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် 33/11 kV, 5MVA ဓာတ်အားခွဲရုံတစ်ရုံတိုးချဲ့ တည်ဆောက်ခြင်းနှင့် ကျေးရွာ ၄၇ ရွာ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်မီး ထပ်မံရရှိသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးတွင် ထပ်မံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။        

 

ထို့နောက် တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးတင်ရှိန်က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းနှင့်ပတ်သက်၍ ပြည်သူကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊  တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးတင်ရှိန်တို့က အိုင်ကလောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်း အနားမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာပက်ဖျန်းပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်