မြိတ်၊  ၃၁  ဇန်နဝါရီ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကမ်းဝေး ငါးဖမ်း/ငါးသယ် လုပ်ငန်းရှင်များ၊ ကင်းမွန်လုပ်ငန်းရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အရပ်ဘက် ပူးပေါင်းကော်မတီမှတစ်ဆင့်  အလှူငွေ  ကျပ်သိန်း ၃၀၀၀ ကို ဇန်နဝါရီ  ၃၁ ရက် နံနက်ပိုင်းက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ခန်းမတွင် လှူဒါန်းခဲ့သည်။

 

နိုင်ငံတော်အတွက် လိုအပ်နေတဲ့ ကိုဗစ်ဆေး ဝယ်ယူရေးအတွက် ရေလုပ်ငန်းရှင်တွေက လိုလိုလားလားနဲ့ လှေတစ်စီးကို နှစ်သိန်းကျပ်နှုန်းနဲ့ လှေရှင်တွေအားလုံး စုစည်းပြီး ကျပ်သန်းပေါင်း ၁၈၀၀၊ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ကျပ်သိန်းပေါင်း ၁၂၀၀ စုစုပေါင်းကျပ်သိန်း ၃၀၀၀ လှူဒါန်းတာဖြစ်ပါတယ်။ ယခင်ကလည်း ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ စဖြစ်ကတည်းက မြိတ်နဲ့ကျွန်းစုမြို့နယ်တို့ကို ကျပ် ၃၇၄ သိန်းကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဒုတိယအကြိမ်မှာ ကျပ်သိန်း ၁၅၀ လှူပါတယ်။ သိန်း ၃၀၀၀ က တတိယအကြိမ် လှူဒါန်းတာ ဖြစ်ပါတယ်။ ကမ်းလှေရှင်တွေအားလုံး စုစည်းပြီးတော့ ကမ်းဝေး ငါးဖမ်း ငါးသယ်လှေ တစ်စီးကို နှစ်သိန်းနှုန်းနဲ့ စုပေါင်းလှူဒါန်းခြင်း ဖြစ်ပါတယ်ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး က ပြောသည်။

 

အလှူငွေ လှူဒါန်းပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုနှင့်  မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး တို့က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားကြသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်း က အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကိုဗစ်-၁၉ ဆေးဝယ်ယူရန်အတွက် အလှူငွေ ကျပ်သိန်း ၃၀၀၀ ကို မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ရေလုပ်ငန်းရှင်များက လှူဒါန်းကြရာ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းကို ပြန်လည်ပေးအပ်၍ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်ထွေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အရပ်ဘက် ပူးပေါင်းကော်မတီမှတဆင့် ပြည်သူများ၊ အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ အလှူငွေစုစုပေါင်း  ကျပ်သိန်း ၆၄၀၀ ကျော် လှူဒါန်းထားရှိပြီး အဆိုပါ အလှူငွေများကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )