ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေခဲ့သော မြန်မာနိုင်ငံသားများအား ဆဋ္ဌမအကြိမ်မြောက် ဒါကာ-ရန်ကုန် အထူးလေယာဉ်ဖြင့် ပို့ဆောင်ခဲ့

ဒါကာ၊   ၂၈  ဇန်နဝါရီ

COVID-19 တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေခဲ့ရသော မြန်မာနိုင်ငံသားများကို ဆဋ္ဌမအကြိမ်မြောက် ဒါကာ-ရန်ကုန် AIR KBZ အထူး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ခရီးစဉ်၌ ဒါကာမြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထောက်ခံချက်ရရှိထားသည့် နိုင်ငံခြားသားများ၊ စုစုပေါင်း (၃၉) ဦး တို့အား မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန် နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ၍ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

 

AIR KBZ အထူးလေယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၈-၁-၂၀၂၁ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ (၁၄:၅၀) အချိန် တွင် မြန်မာနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် အထူးလေယာဉ် အဆင်ပြေ ချောမွေ့စွာ ထွက်ခွာ သွားနိုင်ရေးအတွက် မြန်မာသံရုံး၊ ဒါကာမြို့မှ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်၌ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

#Ministry_of_Foreign_Affairs_Myanmar