ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ကျိုင်းတုံ၊  ၂၇   ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး အား ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅၅ အား ယနေ့ နံနက်ပိုင်းတွင် စတင်ထိုးနှံပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကာ ကျန်ရှိသည့်  ကျန်းမာရေး ဝန်ထမ်းများအား နောက်ရက်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျန်းမာရေးဝန်ထမ်း ၁၆၅၂ ဦးရှိရာ ကျိုင်းတုံနှင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီး တို့ရှိ ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ကျန်မားရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် COVISHIELD ကိုဗစ် ကာကွယ်ဆေးများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)