ကော့သောင်းမြို့ ဒီရေတောအတွင်းသို့ ဂျင်းခရုမျိုး စိုက်ထည့်

ကော့သောင်း ၊   ၂၇   ဇန်နဝါရီ

 

ပင်လယ်ရေထွက် သယံဇာတ ထိန်းသိမ်းရေးနှင့် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေး ရည်ရွယ်ကာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီ  ၂၆  ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ ဒီရေတောအတွင်းသို့ ဂျင်းခရုမျိုးများ စိုက်ထည့်ပေးကြသည်။

 

mdn

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပင်လယ်ရေထွက်ပစ္စည်းများ ရေရှည်စားသုံးနိုင်ရေးနှင့် စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သည့် တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၏ မြို့နယ်များတွင် ရေသတ္တဝါ အမျိုးအစားအလိုက် မျိုးပွားရာသီ(Close Season) သတ်မှတ်တားမြစ်ခြင်း၊ ငါးမဖမ်းရ ရာသီ သတ်မှတ် တားမြစ်ခြင်း၊ ရှပ်ခရု (Hard Clan) ကောက်ယူခြင်း မပြုရ ရာသီ သတ်မှတ်တားမြစ်ခြင်း၊ ဂဏန်း ဘေးမဲ့ဇုန်များ၊ ကျောက်ပုစွန် ဘေးမဲ့ဇုန်များ သတ်မှတ်တားမြစ်ခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများဖြင့် ပင်လယ်သဘာဝ ရေသယံဇာတများအား ထိန်းသိမ်းလျက်ရှိရာ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများက ဂျင်းခရု ၁၀ ကီလိုခန့်အား မျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း အသေးစား ရေလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချနိုင်မည့် တရားဝင်တင်ပို့ခွင့်ပြုရာ ကော့သောင်း နယ်စပ်ဂိတ်မှ တစ်ဆင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့များမှ ထွက်ရှိသည့် ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် ဂျင်းခရု၊ ကဏန်း၊ အေးခဲကင်းမွန် စသည့် ရေထွက်ကုန်များအား မော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့သို့ သယ်ယူကာ ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ဈေးကွက်သို့ တရားဝင်တင်ပို့ ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)