ကလေး၊ ၂၁ ဇန်နဝါရီ
ချင်းတစ်မျိုးသားလုံး ပေါင်းစည်းနိုင်ရန်ရည်ရွယ်၍ ချင်းလူမျိုးအဆိုတော်(၁၈)ဦးက ချင်းဘာသာစကား (၇)မျိုးဖြင့် သီဆိုထားသည့် Chin United အမည်ရှိ သီချင်းအယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၂၀ရက် ချင်းအမျိုး သားနေ့တွင် joox Music၊ Amazon Music၊ ITunes Spotify တို့မှတစ်ဆင့် စတင်ဝယ်ယူနားဆင်နိုင် မည်ဖြစ်ကြောင်း သိရသည်။
“အရင်ကတော့ ရှိူးပွဲနဲ့ပြုလုပ်ဖို့စီစဉ်ထားတာ အခုလို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေတွေကြောင့် alblum အနေနဲ့ပဲ လုပ်ဖြစ်ပါတယ်၊ ဒီသီချင်း အယ်လ်ဘမ်ထဲမှာ သီချင်း(၁၃)ပုဒ်ပါပြီးတော့ ဇိုမီး၊ မီဇိုး၊ဟားခါး၊ ဖလမ်း၊ ပလက်ဝ၊ မတူပီ၊ မင်းတပ် အစရှိတဲ့ ချင်းဘာသာစကားတွေနဲ့ သီဆိုထားပြီး နောက်ဆုံးတစ်ပုဒ်ကိုတော့ ဗမာစကားနဲ့စုပေါင်းပြီးတော့ ဆိုထားပါတယ်”ဟု စီစဉ်သူ ကို JK GINPI က ပြောသည်။
“သီချင်းတွေက အကုန်လုံးအသစ်တွေပါ၊ ကော်ပီဆိုထားတာလည်း မပါရှိတဲ့အတွက် ပရိသတ်တွေ နှစ်သက် သဘောကျလိမ့်မယ်လို့ ထင်ပါတယ်၊ သီချင်းထွက်တဲ့ချိန်မှာလည်း မူရင်းသီချင်းလင့်ကိုပဲ Share စေချင်တယ်”ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ CHIN United အမည်ရှိသီချင်း အယ်လ်ဘမ် ရောင်းချမှုမှရရှိသည့် အကျိုးအမြတ်များကို ပလက်ဝ စစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)