ကျောင်းကုန်း၊ ၁၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ရှင်းလင်းခြင်းကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ဆောင်ရွက်မည့်လုပ်ငန်းများ အကြောင်းနှင့် ယခုပြင်ဆင်ထားသည့် ဥပဒေတွင် လ.ဝ.က မှ ထုတ်ထားသော ၆၆/၆ စာရင်း ရှိရမည်ဖြစ်ပြီး အိမ်တစ်အိမ်၏ စာရင်းကောက်ယူထားသည့်သူသာ ရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရှင်းလင်းပွဲသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ စာရေးဝန်ထမ်း(၇၀) တက်ရောက်ခဲ့ကြပြီး မရှင်းလင်းသည့်အချက်များ ပြန်လည်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


