လှိုင်းဘွဲ၊ ၁၆ ဇန်နဝါရီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ အမှိုက်ကင်းစင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယမန်နေ့က ဝါးဂုတ္တောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒထွန်း နှင့် တာဝန်ရှိသူများက ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ အမှိုက်များစနစ်တကျ စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်သာယာလှပသလို ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးအတွက် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် အမှိုက်ကင်းစင်သည့် ကျေးရွာများဖြစ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး အမှိုက်ကင်းစင်သော ကျေးရွာဖြစ်လာစေရေးအတွက် ကျေးရွာကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများက ကျေးရွာအတွင်းရှိ အမှိုက်များ စုပေါင်းကောက်ယူခြင်း၊စနစ်တကျစွန့်ပစ်ခြင်းနှင့် ကျေးရွာသန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


