မင်းဘူး၊ ၁၆ ဇန်နဝါရီ
မင်းဘူးခရိုင်အတွင်းရှိ ရွှေစက်တော် ဘေးမဲ့တောအတွင်း၌ ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ရွှေသမင် နှင့် ကြယ်လိပ်များ နှစ်စဉ်တိုးပွားလာလျက် ရှိသော်လည်း ခိုးယူသတ်ဖြတ်မှုများ ရှိနေသည့်အတွက် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဘေးမဲ့တောရုံး တာဝန်ရှိသူများက အလေးထား စောင့်ရှောက်နေရကြောင်း တိုင်းသစ်တောဦးစီးဌာန က သိရသည်။
“ပြည်သူတွေလေ့လာဖို့ ပြသထားတဲ့ခြံမှာလည်း ရွှေသမင်လေးတွေ ထပ်မွေးပါတယ်။ သဘာဝတောထဲမှာ ကောက်ယူထားတဲ့ စာရင်းတွေအရ ရွှေသမင်အကောင်ရေတွေ တိုးပွားခဲ့တာရှိပေမယ့် ခိုးယူပစ်ခတ် စားသောက်မှုတွေလည်း များလာနေပါတယ်။ ရွှေသမင်မျိုးစိတ်တွေ နည်းပါးလာမယ့်အရေးကို စိုးရိမ်နေရပါတယ်။ ရုံးမှာ မွေးမြူထားတဲ့ ကြယ်လိပ်တွေကို ဘေးမဲ့တောရုံးနဲ့ ၂၆ မိုင်ဝေးတဲ့တောထဲမှာ သဘာဝအတိုင်း ရှင်သန်နိုင်အောင် တစ်နှစ်ခြံလှောင် လေ့ကျင့်ပေးနေပါတယ် ” ဟု တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးမောင် က ပြောသည်။
၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့က ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ပြန်လွှတ်ရန် လေ့ကျင့် မွေးမြူထားသည့် ကြယ်လိပ်အကောင်ရေ ၆၅၀ ထဲမှ ၃၅၇ ကောင်မှာ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် သေဆုံးမှု နှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ ညပိုင်းကလည်း သံဆူးကြိုးကာ ခြံခတ်ထားသည့် ကြယ်လိပ်ခြံထဲမှ ကြယ်လိပ် ၁၅၇ ကောင် ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသည်။
“ကြယ်လိပ်ကလေးတွေ တောထဲမှာထားတော့ ခြံမလုံလို့ တောဝက်တွေ ဝင်စားခံရတာ ရှိပါတယ်။ အပူဒဏ် လွန်ကဲပြီး အစာရေစာပြတ်လို့ သေဆုံးခဲ့ရတာတွေ ရှိပါတယ်။ ရွှေသမင်တွေ ကျက်စားတဲ့နေရာတွေ၊ ရေသောက်ဆင်းတဲ့ ကန်တွေအနီးမှာ ကားနဲ့လာပြီး ပစ်ခတ်ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ ဒေသခံတွေကလည်း တရားဝင်တိုင်ဖို့က အကြောက်တရားတွေ ရှိကြတာပေါ့” ဟု မင်းဘူးမြို့ ၊ ရွှေစက်တော်အနီးမှ ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်း က ဆိုသည်။
မန်းရွှေစက်တော်ဘုရားအနီး ၃ မိုင်လမ်း၊ မန်းချောင်းဖြတ် လှေတင်တံတားထိပ်တွင် အများပြည်သူလေ့လာ ကြည့်ရှုနိုင်ရန် ၂၀၁၀ ခုနှစ်မှစ၍ သမင်ခြံတစ်ခုထားရှိခဲ့ပြီး လတ်တလောတွင် ရွှေသမင်အထီး ရှစ်ကောင်၊ အမ ၂၅ ကောင် ရှိကြောင်း ၊ ဘေးမဲ့တောအတွင်း၌ ရွှေသမင်ကောင်ရေ ၁၁၀၀ ကျော် ၊ ဘေးမဲ့တောရုံး မွေးမြူရေးခြံထဲ၌ ကြယ်လိပ်ကောင်ရေ ၁၀၀၀ ကျော်ထိ ရှင်သန်မှုရှိခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးဦးဌေးမောင် ထံက သိရသည်။
ရှားပါးမျိုးစိတ်ဆိုင်ရာ နိုင်ငံတကာစံနှုန်းများအရ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘေးမဲ့တော အတွင်း ကျက်စားနေထိုင်ကြသော မြန်မာ့ကြယ်လိပ်များမှာ Critically Endanger မျိုးသုဉ်းရန် အလွန်နီးအဆင့် သတ်မှတ် ခံထားရသည့်အတွက် ၁၉၉၉ ခုနှစ်မှစ၍ ပြန်လည်ထိန်းသိမ်းမွေးမြူမှုများ လုပ်ဆောင်ခဲ့ရသည်မှာ နှစ် ၂၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၁၄ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုး နှင့် ငှက်မျိုးစိတ် ၁၁၃ မျိုး ကိုတွေ့ရှိနိုင်သည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသားဗိုက်ဖြူ၊ ရွှေသမင်နှင့် ကြယ်လိပ်ကလေးများမှာ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း၌သာ တွေ့ရှိနိုင်သော မြန်မာဌာနေဖွား မျိုးစိတ်များဖြစ်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


