တောင်တွင်းကြီး ၊ ၁၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပျိုးခင်းတိုက်ကျေးရွာ၊ ကျောင်းတော်ရာ ကျေးရွာနှင့် ပေပင်ယားကျေးရွာ သုံးရွာတွင် နွေရာသီကာလ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် လေးလက်မအဝီစိ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစက်ရုံ၊ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေးသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၇၈ သန်းဖြင့် ပျိုးခင်းတိုက် ကျေးရွာ၊ ကျောင်းတော်ရာ ကျေးရွာ၊ ပေပင်ယားကျေးရွာ သုံးရွာတွင် လေးလက်မစက်ရေတွင်း ၃ တွင်း၊ ရေစက်ရုံ ၃ခု၊ ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် ၃ ခု တည်ဆောက်ခြင်း လုပ်ငန်းများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ဂျင်နီယာများ စုဖွဲ့၍ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း တောင်တွင်းကြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။
အဆိုပါ ကျေးရွာများတွင် အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး သွားပါက အဆိုပါကျေးရွာ သုံးရွာရှိ အိမ်ခြေ ၇၂၆ မှ လူဦးရေ ၃၄၀ဝတို့အပြင် ကျွဲ၊ နွား တိရစ္ဆာန်များ အတွက်ပါ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း တောင်တွင်းကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ဆက်လက်ပြောပြသည်။
သော်ဇင်အောင်(နတ်မောက်)


