ပွင့်ဖြူ ၊ ၁၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စည်ပင်သာယရေးအဖွဲ့မှ မြို့တွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်း ကျရောက်နေသော အမှိုက်သရိုက် များအား ဆယ်ယူ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီခွဲက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့တွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေး ဝန်ထမ်းများက ပွင့်ဖြူ-မင်းဘူး -စလင်း သွား ကားလမ်းတစ်လျှောက်ရှိ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများသို့ အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် သွားရောက်ပြီး ရေနုတ်မြောင်းအတွင်း ကျရောက်နေသော အမှိုက်သရိုက်များ၊ ကြွပ်ကြွပ်အိတ်အမှိုက်များ၊ ရွှံ့နွံများအား စနစ်တကျ စုပေါင်း ဆယ်ယူရှင်းလင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်း သာယာလှပ စေရေးအတွက် မြို့တွင်းမှာရှိတဲ့ ရေနုတ်မြောင်းတွေ ရေစီးရေလာကောင်းမွန်စေဖို့နဲ့ ဒေသခံ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး သန့်ရှင်းရေး ဝန်ထမ်းတွေ စုပေါင်းပြီး ရေနုတ်မြောင်းအတွင်း ကျရောက်နေတဲ့ အမှိုက်သရိုက်တွေနဲ့ ရွှံ့နွံတွေကို ဆယ်ယူရှင်းလင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေ့ ဆောင်ရွက်တဲ့ နေရာတွေကတော့ ပွင့်ဖြူ - မင်းဘူး - စလင်းသွား ကားလမ်း တစ်လျှောက်ရှိ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတွေကို သန့်ရှင်းရေး ရှင်းလင်းဆောင်ရွက်တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်ရှိတဲ့ ရေနုတ်မြောင်းတွေကိုလည်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းတွေ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ရေနုတ်မြောင်းတွေမှာ စည်းကမ်းမဲ့ အမှိုက်သရိုက် စွန့်ပစ်မှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


