မြစ်ကြီးနား၊ ၁၃ ဇန်နဝါရီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ဇန်နဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ၂၇၆၀ ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး စောသက်ဦး ဦးဆောင်သည့်အဖွဲ့မှ ကရင်အမျိုးသားအလံအား ကရင်ရိုးရာ ကျွဲဂျိုခရာမှုတ်၍ လွှင့်တင်ရာ တက်ရောက်လာသည့် ကရင်တိုင်းရင်းသား တိုင်းရင်း သူများက နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံအား အလေးပြု၍ ကရင်အမျိုးသားသီချင်းအား သီဆိုခဲ့ကြသည်။ မြစ်ကြီးနားမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ စောဒေးဗစ်လှိုင် က ကရင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် နှစ်သစ်ကူးဆုတောင်း နှုတ်ခွန်းဆက်လွှာ ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းတင်မောင်ဆွေက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မြစ်ကြီးနားမြို့နယ် တွင် ကရင်နှစ်သစ်ကူးနေ့ကို ၁၉၆၇ ခုနှစ်မှ စတင်ကျင်းပလာခဲ့သော်လည်း ယခင်နှစ်များက ကရင်ဒုံးယိမ်းအက၊ ရိုးရာလက်ဝှေ့ပွဲ၊ ဘောလုံးပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်တွင် လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါကြောင့် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ မပါဝင်ဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အခမ်းအနားကို ကျင်းပခဲ့ကြောင်း အသင်းဥက္ကဋ္ဌ မန်းတင်မောင်ဆွေထံမှ သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


