ပဲခူး၊ ၁၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၃ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်၊ အုတ်ဖိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးတို့နှင့်အတူ အုတ်ဖိုမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ လူနာများ တက်ရောက်ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကုသရေးအပိုင်း၊ လူနာများထားရှိမှုအပိုင်းများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ကျန်းမာရေးအထောက်အကူပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်ဘူးများ၊ နှာခေါင်းစည်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်ထံသို့ လည်းကောင်း၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးထံသို့ လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံး ဆောက်လုပ်မည့် လျာထားမြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


