ယခုနှစ်သရက်ရာသီ၌ အထွက်နှုန်းကောင်းနိုင်သည့်အပြင် ဈေးကွက်အခြေနေမှာလည်း ၈၀ ရာခိုင်နှုန်းထိ ကောင်းမွန်မည်ဟု ခန့်မှန်းထား

မန္တလေး၊  ၁၀  ဇန်နဝါရီ

 

ယခုနှစ် သရက်သီးထွက်ပေါ်မည့် ရာသီတွင် အထွက်နှုန်း ကောင်းနိုင်သည့်အပြင် တရုတ်ပြည်ဈေးကွက် အခြေနေမှာလည်း ၈၀ ရာခိုင်နှုန်း အထိ ကောင်းမွန်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေးအသင်း (မန္တလေး) မှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

 

လက်ရှိ လတ်တလောအချိန်တွင် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ရှမ်းပြည်နယ်တွင် စတင်ဖူးပွင့်နေပြီ ဖြစ်သကဲ့သို့ မြေပြန့်ပိုင်း တစ်ချို့နေရာများတွင်လည်း စတင်ဖူးပွင့်နေကြပြီ ဖြစ်ကြောင်း၊ သရက်တောင်သူများအနေဖြင့် ယခုအချိန်တွင် အဖူးအပွင့်များ အားရှိစေရန် ရေသွင်းခြင်း၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ စတင်ဖျန်းနေပြီဖြစ်ကြောင်း၊ အဆိုပါအနေအထားအရ အသီးအထွက်နှုန်း ကောင်းနိုင်မည်ဟု ခန့်မှန်းထားသည့်အပြင် လက်ရှိအချိန်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးမှာလည်း ပေါ်ထွက်လာပြီဖြစ်ခြင်းကြောင့် သရက်သီးပေါ်ချိန်တွင် တရုတ်ပြည်  ဈေးကွက်အခြေနေလည်း ၈၀ ရာခိုင်နှုန်းထိ ကောင်းမွန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

“ဒီနှစ်ကိုလာနီညာဖြစ်မယ်လို့ အစောပိုင်းကတော့ ကြေညာထားတယ်။ ခုနောက်ပိုင်းပြန်လျော့မယ်လို့ ကြေညာထားပြန်ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာကြောင့် သရက်ပင်တွေမှာ ပန်းများ စပွင့်လာပါပြီ။ တချို့နေရာတွေမှာ အဖူးအပွင့်တွေအားရှိအောင်လို့ ဆောင်ရွက်နေကြပါတယ်။ ပန်းပွင့်တဲ့ အခြေနေလည်း ကောင်းနေတယ်။ ဒါကြောင့် ဒီနှစ်မှာ အသီးအထွက်နှုန်း ကောင်းမယ်လို့ ခန့်မှန်းထားတယ်။ လက်ရှိချိန်မှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကလည်းပေါ်နေပြီ။ ဧပြီလအထိ ကာကွယ်ဆေးတွေ ထိုးနိုင်ပြီဆိုရင်တော့ သရက်သီးပေါ်ချိန်မှာ တရုတ်ပြည်ဈေးကွက် အခြေနေကတော့ ကောင်းလာမယ်လို့ယူဆပါတယ်”ဟု ၎င်းကရှင်းပြသည်။

 

သရက်စိုက်ပျိုးသူ တောင်သူများအနေဖြင့် မိမိတို့၏ သရက်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် အသီးအရွယ်အစား၊ ထုတ်ပိုးမှုတို့ကို နယ်ပယ်ဒေသအလိုက် ပုံစံတူပြုလုပ်ကာ တင်ပို့မှုများကို ပြုလုပ်ရန်လိုကြောင်း၊ သို့မှသာ တရုတ်နိုင်ငံမှ အရည်အသွေးပိုင်းဆိုင်ရာကို ငြင်းပယ်စရာမရှိဘဲ ထိုက်သင့်သည့် ဈေးနှုန်းတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်သောကြောင့် အသင်းအနေဖြင့် စိုက်ပျိုးတောင်သူများကို အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေးအသင်းအနေဖြင့် သရက်စိုက်ပျိုးသူများအား သွင်းအားစု အသုံးပြုပုံ၊ သရက်သီးထုတ်ပိုးမှု နည်းစနစ်များ၊ ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အချက်အလက်များနှင့် စိုက်ပျိုးနည်းစနစ်များကိုလည်း အွန်လိုင်းမှတဆင့် ပညာပေးမှုများလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)