မကွေး၊ ၁၀ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီးအတွင်း၌ ည(၁၂)နာရီမှ နံနက်(၄)နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မကွေးခရိုင်အတွင်း ၁၅၄ ဦးကို အမိန့်ဖောက်ဖျက် ကျူးလွန်သဖြင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့က သိရသည်။

 

မကွေးတိုင်းအတွင်းရှိ ခရိုင် ၅ ခု၌ ဇန်နဝါရီ ၉ ရက်အထိ အမိန့်ဖောက်ဖျက် ကျူးလွန်သူ (၁၅၈)ဦးရှိပြီး အမိန့်မလိုက်နာသူများထဲတွင် မကွေးခရိုင်မှ ၁၅၄ ဦးဖြင့် အများဆုံးပါဝင်လျက်ရှိသည်။

 

“မင်းဘူးခရိုင်၊ သရက်ခရိုင်တို့မှာ ဖြစ်ပွားမှုမရှိပါဘူး။ ပခုက္ကူခရိုင်က တစ်ဦးနဲ့ ဂန့်ဂေါခရိုင်က သုံးဦးတော့ပါတယ်။ ဖြစ်ပွားမှုနည်းပါတယ်။ မကွေးခရိုင်က အများဆုံးပါ။ စည်းကမ်းလိုက်မှု အားနည်းပါတယ်” ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၊ ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောသည်။

 

ညမထွက်ရအမိန့်ကို ကပ်ရောဂါထိန်းချုပ်တားဆီးရေးနှင့် မှုခင်းကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် အထောက်အကူဖြစ်စေရန် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အသက် ၂၀ နှစ်အထက် လူငယ်အများစုက အရက်သေစာသောက်စားကာ အမိန့်ဖောက်ဖျက်သွားလာခဲ့သည်ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

 

ညမထွက်ရအမိန့်နှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ရာတွင် ဖမ်းဆီးရေး အဖွဲ့များအနေဖြင့် အရေးပေါ်အခြေအနေ၊ ကျန်းမာရေးကိစ္စများအတွက် မဖြစ်မနေသွားလာရသူများကို စာနာနားလည်စွာ ကူညီပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က သိရသည်။

 

ဇေယျတု(မကွေး)