ပဲခူး၊ ၃ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့တွင် ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီက မြို့တော်ခန်းမနှင့် အဆင့်မြင့် (၂)ထပ်စျေးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးအုန်းကြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ရေတာရှည်မြို့၊ မြို့တော်ခန်းမအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် မြို့နယ်စည်ပင်သာယာကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့တော်ခန်းမအား ကြည့်ရှုကြသည်။
ရေတာရှည်မြို့ မြို့တော်ခန်းမသည် အလျား (၁၀၅)ပေ၊ အနံ (၆၀)ပေ၊ အမြင့် (၁၄)ပေရှိ (၁)ထပ်အာစီအဆောက်အဦဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၅၁ ဒသမ ၃၇၁)သန်းဖြင့် ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေတာရှည်မြို့ အမှတ်(၂)ရပ်ကွက်တွင် တည်ဆောက်ထားရှိသော အဆင့်မြင့် (၂)ထပ်ဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ သွားရောက်ပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဈေးအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ (၂)ထပ်စျေးသစ်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ ကျပ်(၃၀၉ ဒသမ ၄၁၇)သန်းဖြင့် (၇)ပေအကျယ် အခန်းပေါင်း (၃၀)၊ (၁၄)ပေအကျယ် (၁၆)ခန်း စုစုပေါင်း (၄၆)ခန်းပါဝင်သော Two Storeyed Steel Structure Building အဆောက်အဦအဖြစ် အမေ့မေတ္တာကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ရေတာရှည်မြို့ အမှတ်(၆)ရပ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထားသော လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် အလှူရှင်မိသားစုများက လှူဒါန်းသော ကွန်ကရစ်လမ်းဖွင့်သို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


