မိုင်းယောင်း၊  ၂  ဇန်နဝါရီ

မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန်အတွက် ဝဥနှင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးရေး အသိပညာပေးမှုကို ဇန်နဝါရီ ၁ ရက်က  စိုက်ကွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက တောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေ ရရှိစေရန်အတွက် ဝဥနှင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းသော မျိုးပင်များ ရွေးချယ်စိုက်ပျိုးရေး၊ ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေ စိုက်ပျိုးနည်းစနစ်များ၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးရေး၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနည်းများ စသည်တို့ကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက သီးနှံအထွက်နှုန်း ကောင်းမွန်ရန်အတွက် အသုံးပြုသင့်သော မြေသြဇာနှုန်းထားအား သိရှိနိုင်ရန်နှင့် သီးနှံများအတွက် လိုအပ်သည့် မြေသြဇာပမာဏကို ထည့်သွင်းနိုင်ရန် စိုက်ကွင်းအတွင်း မြေဆီလွှာစမ်းသပ်ကိရိယာ (SOIL pH TESTER) ဖြင့် တိုင်းတာပေးပြီး တောင်သူများအား သီးနှံထုတ်လုပ်မှုအတွက် ပိုမိုကောင်းမွန်သော မြေသြဇာများ စနစ်တကျ ရွေးချယ်အသုံးပြုနိုင်ရန် ကူညီပေးခဲ့သည်။

 

မြေဆီလွှာကို စမ်းသပ်စစ်ဆေးခြင်းဟာ မြေသြဇာထည့်သွင်းအသုံးပြုမှုကို ပိုမိုကောင်းမွန်စေပါတယ်။ မြေဆီလွှာ အာဟာရ ရေရှည်ကြွယ်ဝစေရန် ကူညီတည်ဆောက်ပေးကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည် တည်တံ့ရေး အတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ အာဟာရဓာတ်ကြွယ်ဝစွာ ရရှိတဲ့ သီးနှံများဟာ ပိုမိုကြီးထွား ဖြစ်ထွန်းစေတဲ့အပြင် ထွန်ယက်ခြင်း၊ ဆေးဖျန်းခြင်းများကိုပါ ရှင်းလင်းလွယ်ကူ စေပါတယ်။ မြေဆီလွှာ အာဟာရများ ရေရှည်တည်တံ့ရန် စီမံခန့်ခွဲခြင်းဖြင့် တောင်သူများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

စိုင်းအောင်ဇော်လင်း