စလင်း၊  ၂ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ ယခုဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၁၅ ဒသမ ၁၅ သန်းဖြင့် ကုန်ထုတ်လမ်း ၃ လမ်းနှင့် တံတားတစ်စင်း ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောသည်။

 

ကုန်ထုတ်လမ်းဆောင်ရွက်ရာတွင် မကျီးစင်ကျေးရွာ၌ အရှည် ၄၆၂၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၁ ပေ ကိုး လက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အုတ်ဖိုကန်ကျေးရွာ၌ အရှည် ၆၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ ဆင်ကျုံးကျေးရွာ၌ အရှည် ၄၆၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ကုန်းသောင်ကျေးရွာ၌ အရှည် ၁၂၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၀ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတို့ကို  နို၀င်ဘာလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများပြီးစီးပါက ကျေးရွာ ၄ ရွာနှင့် အနီးဝန်းကျင်ရှိ လယ်ယာစိုက်ပျိုးဧက ၂၈၈၈  ဧကကို အကျိုးပြုသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောသည်။

သူရိန်(မင်းဘူး)