ပန်ဆိုင်း၊ ၃၀ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့၌ မြို့ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပန်ဆိုင်း(ကြူကုတ်)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးဆောင်ရွက်နေမှုများအား အရှိန်အဟုန်မပျက်ဘဲ ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ မြို့အဝင်ဂိတ်များ၌ ကျန်းမာရေးစစ်ဆေးမှုများကို ပိုမိုကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ ဝင်/ထွက်သွားလာနေ သည့် ကုန်တင်ကားကြီးများအပါအဝင် သာမန်ယာဉ်မောင်းများကိုလည်း ကျန်းမာရေးထောက်ခံစာများ ပါရှိမှသာ ဝင်ထွက်သွားလာနိုင်ရေးကို ခွင့်ပြုရန်၊ ကျန်းမာရေးထောက်ခံစာများ သက်တမ်းလွန်ခြင်းရှိ/မရှိ သေချာစစ်ဆေးကြီးကြပ်မှုများဆောင်ရွက်သွားရန်နှင့် ရပ်ကွက်များ၌ လူစုလူဝေးများ မပြုလုပ်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများမရှိစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့အတွင်း ခိုးဝင်မှုများစစ်ဆေးတွေ့ရှိပါက ဉပဒေနှင့်အညီ အပြစ်ပေးအရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
သန်းမိုးခိုင် (ပြန်/ဆက်)


