မြောင်းမြ၊ ၃၀  ဒီဇင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင်း ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် မြို့မိမြို့ဖ ဒေါက်တာမောင်မောင်အောင်တို့က ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲသည်။ ၎င်းနောက် ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအထိမ်း အမှတ်အလံအား ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ပေးအပ်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံရယူခဲ့ပြီး ကတ္တရာကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည်ရှုခဲ့ကြပါသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၅၅၀ ဒသမ ၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်းအရှည်(၈၃၄၈)ပေ ရှည်လျားပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေရှိကြောင်း၊ မြောင်းမြခရိုင်လမ်းဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မတ်လမှစကာ ကျောက်ချောကတ္တရာလမ်းမှ ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

စန္ဒာကြည်(မြောင်းမြ)