နမ့်ခမ်း  ၃၀   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ဒီဇင်ဘာ ၂၉ ရက် မွန်းလွှဲ (၂)နာရီခန့်က မြို့နယ်အတွင်းရှိ ကြံစိုက်ပျိုးတောင်သူများအား ကြံစိုက်ပျိုးမှု နည်းပညာ ဆွေးနွေးခြင်းနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးခြင်း အခမ်းအနားကို ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့သည်။

 

mdn

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦးက "မြို့နယ်အတွင်းရှိ ကြံစိုက်ပျိုးမှုက ဧက(၂၀ဝ၀)ခန့် စိုက်ပျိုးပါတယ်၊ ကြံစိုက်ပျိုးကြတဲ့ ကျေးရွာအုပ်စုမှ ကျေးရွာကြံစိုက်ပျိုးသူ ကိုယ်စားတို့ကို ဖိတ်ခေါ်ပြီး ကြံအထူးထွက်တိုး စိုက်ပျိုးမှုနည်းစနစ်များ အကြောင်းနဲ့ ပိုးမွှား၊ ရောဂါတို့ ကာကွယ်ဖို့ ဆောင်ရွက် နိုင်မည့် နည်းလမ်းများ အကြောင်းတို့ ဆွေးနွေးခဲ့ပါတယ်" ဟု ပြောကြားသည်။

 

နမ့်ခမ်းမြို့၊ ဒေသခံကြံတောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် ကြံများကို တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံရှိ သကြားစက်ရုံသို့ ပို့ဆောင်ရောင်းချရရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် ကြံတောင်သူများ၏ အကျိုးစီးပွားကို အထောက်အကူ ပြုနိုင်ရန်အတွက်  မြို့နယ်ကြံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဖွဲ့စည်းနိုင်ရေးတို့ကို အပြန်အလှန် ဆွေးနွေးကြသည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသည့် ကြံစိုက်တောင်သူများကို တစ်ဦးလျှင် ကွန်ပေါင်း ဓါတ်မြေသြဇာ (၁)အိတ်နှုန်းဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆိုင်ထွန်း(ပြန်/ဆက်)