မြစ်ကြီးနား၊ ၃၀ ဒီဇင်ဘာ
ကချင်ပြည်နယ်အတွင်း မြို့နယ်(၉)ခုတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၆၀၀) ကျော်အထိ ဖြစ်ပွားသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ (၁၀၀)ကျော်သာ ကျန်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ကြေညာ ချက်အရ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၆၀၁)ဦးဖြစ်ကာ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၄၉၈)ဦးဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသူ(၁၀၂)ဦးနှင့် သေဆုံးသူတစ်ဦးဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် အခြေအနေမှာ မြစ်ကြီးနားမြို့နယ်တွင် (၁၉)ဦး၊ မိုးညှင်းမြို့နယ်တွင် (၆)ဦး၊ ဖားကန့်မြို့နယ်တွင်(၆၁)ဦး၊ ရွှေကူမြို့နယ်တွင်(၁၆)ဦးသာ ကျန်ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်အတွင်း Covid-19 ရောဂါပိုးတွေ့ရှိမှုမှာ မြို့နယ်(၉)ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယခင် ပိုးတွေ့ရှိခဲ့သည်ဟု အတည်ပြုခဲ့သည့် မိုးကောင်းမြို့နယ်၊ မိုးမောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ပူတာအိုမြို့နယ်တို့တွင် ရောဂါပိုးတွေ့ရှိသည့်လူနာများမှ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား မြို့နယ်မှ ရပ်ကွက်/ကျေးရွာအဆင့်အထိ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် အားဖြင့် လိုက်နာနေထိုင်ခြင်းကြောင့်လည်း ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)


