နတ်မောက်၊ ၃၀ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ကန်သာကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လေးလက်မအဝီစီစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကန်သာကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် အကျယ် ၄ လက်မ၊ အနက် ၄၁၃ ပေရှိ အဝီစိစက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တစ်ခု၊ အလျား ၁၀ ပေ x အနံ ၈ ပေ x အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၁ သန်းဖြင့် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခု တူးဖော်ပြီးစီးပြီဖြစ်ကာ တစ်နာရီလျှင် ရေဂါလန် ၂၂၅၀ အထိ ထွက်ရှိ၍ စင်မြင့်ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ပြောပြသည်။
လုပ်ငန်းများဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၁၆၂ မှ လူဦးရေ ၁၀၈၂ ဦးတို့အပြင် ကျွဲနွားတိရစ္ဆာန်များ အတွက်ပါ ရာသီမရွေး သောက်သုံးရေ ဖူလုံအကျိုးပြုမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရ၏ ပြောပြချက်အရ သိရသည်။
ငြိမ်းသူ


