မြစ်ကြီးနား၊ ၃၀ ဒီဇင်ဘာ
ကချင်ပြည်နယ်အတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် Covid-19 ရောဂါခံစားနေရသည့် ပြည်သူများတွက် အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ(APTERR)အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့ပေးအပ်လှူဒါန်းသည့် ဆန်(၄၈)တန်အား ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဌေးလွင်က ကချင်ပြည်နယ်အတွင်း Covid-19 ရောဂါဖြင့် တွေ့ကြုံခံစားနေရသည့် ပြည်သူများအတွက် အားဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ထားရှိသည့် အာဆီယံ အပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်ဖြင့် ကိုရီးယာသမ္မတနိုင်ငံမှ ထောက်ပံ့ပေးအပ် လှူဒါန်းသည့် ဆန်(၄၈)တန်အား လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အတွင်း Covid-19 ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဖြန့်ဝေထောက်ပံ့ပေးအပ်သွားမည့် လုပ်ငန်းစဉ်များတွင် ရောဂါပိုးအတည်ပြုလူနာနှင့် ၎င်းတို့နှင့် ဆက်နွှယ်သည့် မိသားစုဝင်များအား ထောက်ပံ့ပြီး ကျန်ရှိမည့် ဆန်များအား စနစ်တကျ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ ဆက်လက်၍ ပိုးတွေ့အတည်ပြုလူနာများတွေ့ရှိက လူနာနှင့် ဆက်စပ်မိသားစုများအား ထောက်ပံ့ပေးအပ်နိုင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ(APTERR)အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၆၀၀)အနက် ကချင်ပြည်နယ်သို့ ဆန်တန်ချိန်(၄၈)တန်မှ ဆန်အိတ်ပေါင်း (၁၂၀၀)အား ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)


