ဖယ်ခုံ၊ ၃၀ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဈေးနောက်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံးအနီး၌ ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ပေ ၃၆၀၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင်တည်ဆောက်ခြင်းနှင့် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းတို့ကို တင်ဒါအောင်မြင်သော Linn Myat Naing ကုမ္ပဏီမှ ၆၆ ဒသမ ၉၂၆ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်စင်၀င်းထံမှ သိရသည်။

 

၎င်းလုပ်ငန်းများကို ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဗို့အား ပြည့်မီစွာရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဌာနအတွက် ယူနစ်ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပြီး အိမ်ခြေ ၂၅၀ ခန့်၊ လူဦးရေ ၅၆၀ ခန့်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထွေး(ပြန်/ဆက်)