ဖယ်ခုံ၊  ၃၀   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီကာလအတွင်း ပြည်သူလူထုအား အခမဲ့ ဖြန့်ဝေစိုက်ပျိုးရန် မြို့နယ်သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၁၁၅၀၀၀ ခန့် ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

ဖယ်ခုံမြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၁ ခုနှစ် မိုးရာသီမှာ လူထုကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးဖို့အတွက် လျာထားပျိုးပင်များဖြစ်တဲ့ ခါတော်မီ၊ ထောပတ်အပါအ၀င် ပျိုးပင်စုစုပေါင်း ၁၁၅၀၀၀ စတင် ပျိုးထောင်နေပြီဖြစ်ပါတယ်။ ခါတော်မီ သစ်မျိုးကတော့ ရာနှုန်းပြည့် ပျိုးထောင်ပြီးဖြစ်ပါတယ် ဟု မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဆန်း၀င်းက ပြောပြသည်။

 

သစ်တောဦးစီးဌာန မြို့မယာယီပျိုးဥယျာဉ်၌ သစ်တောသစ်ပင်များဖြစ်သော ခါတော်မီ၊ ကျွန်း၊ ရေသင်း၀င်၊ မန်ဂျန်ရှား၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ငုရွှေ၊ ငုစပ်၊ လျှော်ဖြူ ပျိုးပင်ပေါင်း ၉၄၀၀၀၊ နှစ်ရှည် သီးပင်စားပင်ဖြစ်သော ထောပတ်၊ မက္ကဒေးမီးယား၊ မျောက်ငို၊ မန်ကျည်း၊ ပိန္နဲ ပျိုးပင်ပေါင်း ၂၁၀၀၀၊ စုစုပေါင်းပျိုးပင် ၁၁၅၀၀၀ ခန့် ပျိုးထောင်ထားရှိကြောင်း  မြို့နယ်ဦးစီးမှူး ဦးဆန်း၀င်းက ဆက်လက် ပြောပြသည်။

 

အဆိုပါ ပျိုးပင်များကို ၂၀၂၁ ခုနှစ် မိုးရာသီတွင် ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုများသို့ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထွေး(ပြန်/ဆက်)