အမ်း၊ ၃၀ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ခေတ္တရပ်နားထားသော မြန်မာအမျိုးသား ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ တစ်ပတ်လျှင် ၁ ရက်စီ စတင် ပျံသန်းပြေးဆွဲခဲ့ရာမှ  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ တစ်ပတ်လျှင်၂ ရက် ပြောင်းလဲ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အမ်းမြို့နယ် မြန်မာအမျိုးသားလေကြောင်းလိုင်း ကိုယ်စားလှယ်ဌာနခွဲ တာဝန်ခံ ဦးကျော်ဌေးထံမှ သိရသည်။

 

အမ်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ကာ ရန်ကုန်-အမ်း-စစ်တွေ-ရန်ကုန်ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ရက်သာ ပြေးဆွဲခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ရက်မှ စတင်ကာ  ရန်ကုန်-မကွေး-အမ်း-စစ်တွေနှင့်  စစ်တွေ-အမ်း-မကွေး-ရန်ကုန်မြို့များသို့ ခရီးစဉ်အဖြစ် တစ်ပတ်လျှင် ၂ ရက် တနလာ်နေ့၊ သောကြာနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လေကြောင်းခရီးစဉ်များ ပြောင်းလဲ ပြေးဆွဲရာတွင် လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များ အနေဖြင့် လေယာဉ်လက်မှတ် မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံနှင့် မှတ်ပုံတင်မိတ္တူများ ယူဆောင်ကာ တစ်ရက်ကြိုတင်၍ အမှတ်(၃) ဓမ္မရက္ခိတဘုရားကုန်းတော်ပေါ်တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ တစ်ရက်ကြိုတင်၍ ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးထံမှ သိရသည်။

 

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လေယာဉ်ပေါ် လိုက်ပါစီးနင်းကြမည့် ခရီးသည်များအနေဖြင့် နှာခေါင်းစည်းများ၊ face shield များ တပ်ဆင်လာရမည်ဖြစ်ကြောင်းနှင့် လေဆိပ်ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှလည်း ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းအိမွန်(ပြန်/ဆက်)