နေပြည်တော်၊ ၂၂ ဒီဇင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဒီဇင်ဘာ ၂၁ ရက်က ရခိုင်ပြည်နယ်အတွင်း သံတွဲ - ဂွ လမ်းပေါ်တွင် World Bank ချေးငွေဖြင့် ဆောင်ရွက်နေသော ကျောက်စီမြေကာနံရံနှင့် Box Culvert (၁၀၃) ကီလိုမီတာအနီးတွင် (၆၀)မီတာအရှည် ကျောက်စီမြေကာနံရံလုပ်ငန်းနှင့် (၁၀၄)ကီလိုမီတာအနီးတွင် (၈၈)မီတာအရှည်ရှိ ကျောက်စီမြေကာနံရံ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သော Design များ ပြင်ဆင်ဆုံးဖြတ်ပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံနှုန်းပါအတိုင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းများစံချိန် စံညွှန်းပြည့်မီစေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် သံတွဲ - ဂွ လမ်းပေါ်တွင် တံတားအထူးအဖွဲ့(၈)မှ တည်ဆောက်နေသော တံတားအမှတ် (၆/၄၄) ပေ (၃၀၀)အရှည်ရှိ ကျောက်ပါးစပ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရက လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက ပင်လယ်ရေငံစပ်တွင် တည်ဆောက်ရသော တံတားဖြစ်၍ တည်ဆောက်ရေးပစ္စည်းများဖြစ်သော ကျောက်နှင့် သဲကြမ်းများတွင် ရေငံဓာတ်များပါဝင်မှု မရှိစေရေး အထူးဂရုစိုက်၍ ဆောင်ရွက်သွားရန် မှာကြားသည်။ ကျောက်ပါးစပ် ကွန်ကရိတံတားမှာ ပေအရှည် (၃၀၀)၊ ယာဉ်သွား လမ်း(၂၄)ပေ အကျယ်၊ (၂)လမ်းသွားတံတားဖြစ်ပြီး ယခုအချိန်တွင် တံတားတစ်စင်းလုံး၏ ၈၈ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွချောင်းတံတား စီမံကိန်းသို့ ရောက်ရှိခဲ့ရာ တံတားရှင်းလင်းဆောင်တွင် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရက တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ ကိုဗစ်ကာလအတွင်း ဆောင်ရွက်နေရသော်လည်း ကွန်ကရိ အရည်အသွေးများကို အထူးဂရုစိုက်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် Cross Beam များ၊ ယက်မနှင့်ကြမ်းခင်းများ၏ ပုံစံများအား အတည်ပြုဆုံးဖြတ်ပေးသည်။ ဂွချောင်းတံတားသည် အရှည် (၁၃၉၈)ပေ (၉)လက်မ၊ ယာဉ်သွားလမ်း (၂၄)ပေ အကျယ်၊ (၂)လမ်းသွားဖြစ်ပြီး အောက်ခြေမှာ ဘိုးပိုင်အုတ်မြစ်၊ တံတားကိုယ်ထည်နှင့် အပေါ်ထည်မှာ သံကူကွန်ကရိတိုင်၊ ယက်မနှင့်ကြမ်းခင်းတံတား အမျိုးအစားဖြစ်ပြီး ယခုအခါ တံတား (၁)စင်းလုံး၏ (၃၉ ရာခိုင်နှုန်း)ပြီးစီးနေကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ငရုပ်ကောင်း - ငွေဆောင် - ချောင်းသာ - မကျီးဇင် - ကျောက်ချွန် - ဂွ ကမ်းခြေပတ်လမ်း (ဂွ - မကျီးဇင်အပိုင်း) အား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲနိုင်ဦးက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တံတားမှာ အားလုံးပြီးစီးနေပြီဖြစ်၍ အပြီးသတ်လုပ်ငန်းနှင့် အချောသတ်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။
မကျီးဇင်တံတားသည် အရှည် (၅၅၁ ဒသမ ၂) ပေ၊ ယာဉ်သွားလမ်း အကျယ်(၂၄)ပေရှိ (၂)လမ်းသွားတံတားဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ တံတားကိုယ်ထည်နှင့် အပေါ်ထည်မှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယခုအခါ (၁၀၀ ရာခိုင်နှုန်း) ပြီးစီးနေကြောင်း သိရသည်။
ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသော သာပေါင်း (ကြက် သွန်ကွင်း) - သဲဖြူ - မကျီးဇင် လမ်း Pilot Project လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ မိုင်(၁၈/၆)ရှိ လုပ်ငန်းခွင်စခန်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးလင်းထိုက်က Pilot Project လမ်းနှင့် ပတ်သက်သည့် လမ်းစီမံချက်နှင့် ပြီးစီးမှုများကိုလည်းကောင်း၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က ကမ်းခြေပတ်လမ်း Allignment အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက Pilot Project လမ်းအား ဆက်လက်လမ်း အဆင့်မြှင့်တင်ရန်နှင့် ကမ်းခြေပတ်လမ်းချောင်းသာမှ မကျီးဇင်အပိုင်း မြေသားလမ်းဖောက်လုပ်မည့် အခြေအနေကို မှာကြားသည်။
ကြက်သွန်းကွင်း-မကျီးဇင် Pilot Project လမ်း (၄၂)မိုင်အား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ရာ ကွန်ကရစ်လမ်း (၃)မိုင်၊ အမာခံ ကျောက်လမ်း (၂)မိုင်နှင့် ချောင်းကျောက်လမ်း (၁၀)မိုင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Pilot Project လမ်းအား လမ်းတစ်လျှောက် မော်တော်ယာဉ်များနှင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


