နေပြည်တော် ၊ ၂၂ ဒီဇင်ဘာ
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် အရှေ့တောင်ပေါ်ဒေသ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ပဏာမညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၂) ဦးမင်းသူ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးမှုအရ ပြည်တွင်း ပြည်ပခရီးစဉ်များကို ရပ်နားထားရသော်လည်း ကိုဗစ် အလွန်ကာလတွင် ခရီးသွားများ New Normal ဖြင့် လည်ပတ်နိုင်ရန်အတွက် ခရီးစဉ်အသစ်များရှာဖွေခြင်း၊ နေပြည်တော်ပတ်ဝန်းကျင်တွင် ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင်မှုများ ရှာဖွေဖော် ထုတ်မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ နေပြည်တော်ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပင်လောင်း ရေပူစမ်းကဲ့သို့သော ခရီးသွားဆွဲဆောင်မှု အသစ်များ ရှာဖွေရန်လိုအပ်ပါကြောင်း၊ ယခင်ကွင်းဆင်း ကြည့်ရှုခဲ့သည့် ဝေသာလီကျေးရွာအနီးရှိ တိမ်ပင်လယ်၊ မြသီတာကျေးရွာအနီးရှိ ခုနှစ်ဆင့် ရေတံခွန်နှင့် ပြဒါးချောင်းကျေးရွာတို့သည် ယနေ့တွင် ဒေသခံခရီးသွားများ၏ သိရှိစိတ်ဝင်စားမှု ရရှိနေပြီဖြစ်ပါကြောင်း။
ပျဉ်းမနားမြို့နယ် ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုများကို သွားရောက်ရာ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုမရှိပဲ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများကို လေ့လာနိုင်ကြောင်း တွေ့ရှိခဲ့ရကြောင်း၊ ရေပူစမ်း ဖန်တီးနိုင်သော တောင်မြင့်ရေပူကျေးရွာအထိ သွားရောက်လေ့လာခဲ့ပြီးဖြစ်သဖြင့် ယနေ့အစည်းအဝေးကို ယင်းကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ပဏာမကြိုတင်ပြင်ဆင်သည့် အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် ဌာနမှဝန်ထမ်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မလုံလောက်ပါကြောင်း၊ ဒေသခံပြည်သူလူထု၏ ပါဝင်ပူးပေါင်း ထိန်းသိမ်းမှုသည် အရေးကြီးပါကြောင်း၊ ယင်းသို့ထိန်းသိမ်းရာ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းများသည် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများနှင့် လူထုအခြေပြုခရီးသွား လုပ်ငန်းမှာလည်း များစွာကောင်းမွန်ပါကြောင်း၊ ယခုဖော်ဆောင်မည့် ခရီးသွား လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သင့် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဉက္ကဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဆိုပါ ကျေးရွာများ၌ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နေပြည်တော်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့လည်း တင်ပြဆောင်ရွက်သင့်ပါကြောင်း၊ နေပြည်တော်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အကြောင်းကြားဆောင်ရွက်မည်ဆိုပါက မိမိတို့နေပြည်တော်ကောင်စီအနေဖြင့်လည်း လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက်ကို ပူးပေါင်းကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေးတင်ပြကြရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်က Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲဆောင်ရွက်နေမှု၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) ဖွဲ့စည်းထားရှိမှု ၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ Heritage & Culture Tourism ၊ Nature Based & Eco Tourism ၊ Agriculture & Farming Tourism ၊ River & Rail Tourism ၊ Adventure & Sports Tourism ၊ Gastronomy Tourism ၊ Caravan Tourism ၊ MICE Tourism များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


