ဖားကန့်၊ ၂၂ ဒီဇင်ဘာ
မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့၌ ပထမဆုံးအဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ချိန်တွင် ဒေသတွင်း ကျောက်မျက်အချောထည်လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)မှ ဉက္ကဋ္ဌ ဦးဇော်လင်းမြင့်(ခ)ဦးဝမ်းက ပြောပြသည်။
“ကျွန်တော်တို့ ကျောက်မျက်အသင်းကနေ မန္တလေး၊ နေပြည်တော်နဲ့ တရုတ်နိုင်ငံ ရွှေလီတို့ကို ကျောက်မျက် အချောထည်လုပ်ငန်းလုပ်နိုင်ဖို့ ဒေသတွင်းက လူငယ်တွေကို ပညာသင် စေလွှတ်ထားတာရှိပါတယ်၊ ဒီက ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်ချိန်မှာလည်း အချောထည်လုပ်ငန်း လုပ်ကိုင်တတ်သူတွေကို အလုပ် အကိုင် ဖန်တီးပေးဖို့ ရှိပါတယ်။ ဖားကန့်က ထွက်တဲ့ကျောက်ကို ဖားကန့်မှာပဲ အချောထည် တစ်ခါတည်း လုပ် တစ်ခါတည်း ဈေးကွက်ဖော်ဆောင်ပေး အဲဒီလိုစီစဉ်ထား ပါတယ်” ဟု ဦးဝမ်းက ၎င်းက ဆက်လက် ပြောပြသည်။
ကျောက်မျက်ရောင်းဝယ်ရေးစင်တာကို ဖားကန့်မြို့နှင့် ဆိပ်မူကျေးရွာသွား ကားလမ်းမကြီးဘေး ယူမာ ကျေးရွာရှိ ကျောက်မျက်အသင်းရုံးဘေးကပ်လျက်တွင် ခွင့်ပြုရရှိသော မြေ(၄)ဧကပေါ်၌ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ တာဝန်ယူ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။
ကျောက်မျက်ရောင်းဝယ်ရေးစင်တာ၌ ၈၀ ရာခိုင်နှုန်း ပြီးစီးမှုအနေအထားအရ လူနေထိုင်နိုင်သည့် (၁၅)ပေ၊ ပေ (၃၀)ကျယ်ဝန်းသော (၄)ခန်းတွဲ (၃)ထပ် အဆောက်အဦ (၅)လုံး တည်ဆောက်ပြီးစီးနေပြီး (၃)ပေပတ်လည်ခန့် ခုံချ၍ ကျောက်အရောင်းအဝယ် ပြုလုပ်နိုင်သည့် ရုံ(၃)ရုံပါဝင်ကာ တစ်ရုံလျှင် (၂၁၆)ခန်း၊ စုစုပေါင်း(၃)ရုံအတွက် (၆၄၈)ခန်း ပါဝင်မည်ဖြစ်သည်။ ငှားရမ်းနိုင်သည့် (၃)ခန်းတွဲ (၃)ထပ် အဆောက် အဦ (၂)လုံး၊ စားသောက်ရုံ(၂)ခန်းတွဲ (၂)လုံးနှင့် စားသောက်ဆိုင် (၃)ခန်းတွဲ(၂)လုံးတို့ ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ မန္တလေး အောင်မြေသာဇံကျောက်ဝိုင်းဆိုတာ လူဦးရေ တစ်သိန်းကျော် လောက်ကို အလုပ်အကိုင်ပေးထားနိုင်တယ်။ ဖားကန့်မှာက ကုန်ကြမ်းလည်းထွက်တဲ့နေရာ၊ ဈေးကွက်သာ ဖော်ပေး နိုင်ရင် ကျွန်တော်တို့ဒေသက အလုပ်အကိုင်ပိုရလာမယ်ဆိုတာ သေချာတယ်။ ဒီလို တရားဝင် ရောင်းဝယ်ရေးစင်တာရှိတော့ နိုင်ငံတော်လည်း အခွန်ကို စနစ်တကျရမယ်။ အချောထည်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေကိုရော ကုန်ကြမ်းရောင်းဝယ်သူတွေကိုရော လုပ်ငန်းလိုင်စင်ရဖို့ ကူညီပေးမယ်၊ ဒီက ဝယ်ရောင်းတဲ့ကျောက်ကို ကြိုက်တဲ့နေရာ တရားဝင်သယ်လို့ ရတာပေါ့”ဟု ဦးဝမ်းက ပြောပြသည်။
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်သည့်ပထမပိုင်းတွင် ရောင်းဝယ်မှုအဆင်ပြေစေရေး မြန်မာကျပ်ငွေဖြင့်သာ ရောင်းဝယ်မှု ဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်း ဘဏ်များနှင့်ချိတ်ဆက်ကာ ATM စက်များ ထားပေးမည်ဖြစ်သည့်အပြင် ဈေးကွက်ဖော်ဆောင်နိုင်မှု ပေါ်မူတည်ပြီး ယူရိုငွေဖြင့် ရောင်းဝယ်၍ ရအောင်လည်း ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ကျောက်အရောင်းအဝယ် လုပ်ကိုင်လျက်ရှိသူ ဦးဆုတင်ကိုက “ဒေသတွင်း ရောင်းဝယ်မှုကတော့ နိုင်ငံတော် က ပံ့ပိုးပေးရင် တိုးတက်လာမှာပါ။ ဒီကျောက်မျက်ရောင်းဝယ်ရေးစင်တာထဲကို ကုန်ကြမ်းကျောက်တွေက ဘယ်ကဝင်လာမှာလဲဆိုတာတော့ ရှိတာပေါ့။ ရေမဆေးသမားတွေဆီက ကျောက်အပြင် ကုမ္ပဏီတွေဆီက ကျောက်ပါ ဒီရောင်းဝယ်ရေးစင်တာထဲ ဝင်လာရင် ကုန်ကြမ်းမာတာပေါ့။ အချောထည်လုပ်ငန်းအတွက် အလုပ်အကိုင်ပိုရမှာပေါ့”ဟု သုံးသပ်သည်။
လက်ရှိ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ယာယီပိတ်ထားကြသည့် ဖားကန့် ကျောက်ဝိုင်း၊ ဆိပ်မူကျောက်ဝိုင်း၊ ဝှေခါကျောက်ဝိုင်း၊ မော်စီစာကျောက်ဝိုင်းနှင့် လုံးခင်း ညကျောက်ဝိုင်း တို့ကဲ့သို့ ပျံကျကျောက်ဝိုင်းကြီးများနှင့် ကျေးရွာအချို့တွင် ကျောက်ဝိုင်းငယ်များရှိသော်လည်း တရားဝင် ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းများ မဟုတ်ကြောင်း သိရသည်။
ကျောက်မျက်ရောင်းဝယ်ရေးစင်တာမှာ အရောင်းအဝယ်လုပ်သူတွေကို လည်ဆွဲကတ်ထုတ်ပေးထားမယ်။ မနက်(၈)နာရီကနေ ည(၈)နာရီဖွင့်ပေးမယ်။ နေပြည်တော် ကျောက်မျက်ပြပွဲလို ဒီဒေသရဲ့ အသေးစား ကျောက်မျက်ပြပွဲ ဆောင်ရွက်နိုင်ဖို့အထိ အစိုးရဌာနတွေနဲ့ ပူးပေါင်း အကောင်အထည် ဖော်သွားဖို့ရှိပါတယ်” ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်)၏ ဉက္ကဋ္ဌ ဦးဝမ်းက ပြောပြသည်။
တာလင်းမောင်(ပြန်/ဆက်)


