လှိုင်သာယာ(အနောက်ပိုင်း)၊  ၂၂   ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက   ကိုသက်ဝေလွင် +မခိုင်ဇာလွင်(CANADA)မိသားစုနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူများက ဆေးဝါးများ လိုအပ်မှုမရှိစေရေးအတွက် နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့်  ပိုးသတ်ဆေးများနှင့် လိုအပ်သောဆေးဝါး လာရောက် လှူဒါန်းရာ လှိုင်သာယာ ဖျားနာကုဆေးခန်းမှ တာဝန်ကျ ဆရာဝန်မှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးခန်းသည် ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများမှအလုပ် သမားများနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ယခုလို ကိုဗစ်−၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဆေးခန်းအများစုသည် ယခင်အချိန်ကကဲ့သို့ ဖွင့်လှစ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် Stay at home အမိန့်ထုတ်ပြန်ထားသည့် ယခုလို ကာလအတွင်း မြို့နယ်ဆေးရုံကြီးနှင့် လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးကုခန်းကိုသာ အားကိုးလျှက်ရှိကြရာ နှာချေချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံ/အရသာ ပျောက်ဆုံးသူများအနေဖြင့် အချိန်တိုအတွင်း ဆေးကုသမှုခံယူနိုင်ရန်နှင့် ကိုဗစ်−၁၉ ရောဂါသံသယရှိသည့် လူနာများကိုလည်း ဆောလျှင်စွာ ကျန်းမာရေးစောင့် ရှောက်မှုခံယူနိုင်ရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ ချိတ်ဆက်၍ လွှဲပြောင်းပေးလျှက်ရှိရာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဆိုပါဖျားနာကုဆေးခန်းသည် နေ့စဉ်နံနက်(၉)နာရီမှ နံနက် ၁၁ နာရီခွဲထိ ပိတ်ရက်မရှိ ကုသပေးလျှက်ရှိရာ ယမန်နေ့က လာရောက်ပြသသည့်လူနာ(၈)ဦးရှိပြီး Quarantine Centreသို့ ပို့ဆောင်ရသည့် လူနာ(၁)ဦးရှိကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)