ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကုက္ကိုလ်ဝတံတားအနီးရှိ ရေနက်ကွင်းနေရာကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းဆောင်ရွက်နေစဉ်အတွင်း အလုပ်အကိုင်များရရှိလျက်ရှိနေသကဲ့သို့ စက်မှုဇုန်များ အသက်ဝင်ပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်မှုဇုန်ကို ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရန် ထန်တပင်မြို့နယ် ကုက္ကိုလ်ဝ မြစ်ဘေးရှိ ရေနက်ကွင်းတွင် ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ “ရေနက်ကွင်းမှာရှိတဲ့ လယ်သမားတွေအားလုံး သဘောတူပြီးပါပြီ။ ကျွန်တော်တို့တစ်ဦးတည်း ဖြစ်နေတဲ့အတွက် အများပြိုင်ဖြစ်အောင် ကျွန်တော်တို့ထက်ပိုပြီး လုပ်ပေးနိုင်မယ့်ကုမ္ပဏီကို သတင်းစာမှာ တင်ဒါပုံစံတစ်မျိုးခေါ်ပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Thard party ဖြစ်တဲ့ ကျွမ်းကျင်အဖွဲ့ကစိစစ်ပြီး ကျေနပ်ရင် တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ဖို့ရှိတယ်။ အဲ့အဖွဲ့ကသိချင်တဲ့ အချက်အလက်တွေ၊ မေးခွန်းတွေ၊ ဖြစ်နိုင်ချေရှိတဲ့ လုပ်ငန်းဖြစ်ကြောင်းကို ကျွန်တော်တို့ ဖြေကြားပြီးပါပြီ။ ကျွန်တော်တို့ထက် လုပ်ဆောင်နိုင်တဲ့သူမရှိရင် ကျွန်တော်တို့ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ စက်ရုံတည်ဆောက်ရေးမှာ အလုပ်အကိုင်ရရှိတဲ့အပြင် စက်ရုံ လည်ပတ်ရင် လုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိစေမှာပါ”ဟု ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီ ကုမ္မဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးဝေက ပြောပြသည်။
စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၁ မြို့နယ်တွင် ထန်းတပင် စက်မှုဇုန်နှင့် ရေပေါ်ဈေးလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ ထိုဇုန်များတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး စသောအခြေခံအပါအဝင် စက်ရုံပေါင်း ၂၀ဝ၊ ရေဆိုးသန့်စင်စက်ရုံ၊ အလုပ်သမားများ နေထိုင်မည့် အဆောက်အအုံ၊ လုံးချင်းအိမ်ရာ၊ စာသင်ကျောင်း၊ ပန်းဥယျာဉ်၊ စက်မှုဇုန်ရုံးများ ပါဝင်မည်ဖြစ်ပြီး ထိုစက်မှုဇုန်ရှိ လမုတန်းကျေးရွာနှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ မှော်ဘီမြို့သို့ ဆက်သွယ်နိုင်မည့် (ပြည်လမ်းနှင့် ချိတ်ဆက်နိုင်) မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်မည်ဟု သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ဆောင်ရွက်တာပါ။ နိုင်ငံတော်အနေနဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုလည်း ဆောင်ရွက်နေတာကြောင့် ဒီစက်မှုဇုန်ကြီးပြီးသွားရင် ဒီဒေသဟာ သိသိသာသာ တိုးတက်သွားမှာပါ။ ရေနက်ကွင်းမှာ တောင်သူတွေ စိုက်ပျိုးရေးအဆင်မပြေပေမယ့် စက်မှုဇုန်ကြီး ပေါ်ထွန်းလာရင် တောင်သူတွေကအစ အလုပ်အကိုင်တွေရလာမှာပါ။ အောက်ဆုံးအဆင့်မှာရှိတဲ့ ထန်းတပင်ဟာ စက်မှုဇုန်ပေါ်လာရင် နိုင်ငံတော်အတွက် အခွန်ရတဲ့မြို့နယ်တစ်ခုအဖြစ် တွေ့မြင်ရမှာပါ”ဟု ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးသန်းဇော်လင်းက ပြောပြသည်။
ကုက္ကိုလ်ဝတံတားအဆင်း ဘယ်ဘက်ခြမ်း ရေနက်ကွင်းတွင် ထန်းတပင်စက်မှုဇုန်နှင့် ညာဘက်ခြမ်း ပန်းလှိုင်မြစ်နှင့် ကုက္ကိုလ်ဝမြစ်ဆုံနေရာ၌ ရေပေါ်ဈေးတည်ဆောက်ရန်လျာထားရာ ကနဦးအဖြစ် စက်မှုဇုန်ကို တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။ ရေနက်ကွင်းဧရိယာ ဧက ၂၀ဝ၀ ကျော်တွင် သဲနှင့် မြေကြီး ၅ ပေ အမြင့် မြှင့်တင်မည်ဖြစ်ပြီး ထန်းတပင်စက်မှုဇုန်တည်ဆောက်ရေးကို ရန်ကုန်ဝဲလ်ဒဲက်ပလော့မန့်ကုမ္ပဏီ၊ ဝီဝက်ဒ် (ဟောင်ကောင်) အင်တာနေရှင်နယ်ကုမ္ပဏီနှင့် ဂိုးဒင်းမြန်မာ (ဟောင်ကောင်) အင်ဗားစမန့်ကုမ္ပဏီ သုံးခုပေါင်း၍ ရန်ကုန်-ထန်းတပင် တက်ခနော်လော်ဂျီကုမ္ပဏီ(ပြည်တွင်း)တို့က ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စက်မှုဇုန် အသက်ဝင်လာပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အလုပ်သမား တစ်သိန်းကျော် အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး


