ကလေး ၊၂၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အသက်ရှူရန်ခက်ခဲသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ကလေးမြို့နယ်အတွင်းရှိ အလှူရှင်များက အောက်စီဂျင်ဘူး (၂၀ဝ) လာရောက်လှူဒါန်းရာ အလှူရှင်များလှူဒါန်းသည့် အောက်စီဂျင်ဘူးများအား ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းရင်းဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူများ အသုံးပြုရန် ဆက်လက်လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။
တိုင်းရင်းဆေးရုံတွင် အသက်ရှူရန်ခက်ခဲသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦးရှိကာ အဆိုပါ အတည်ပြုလူနာများအတွက် တစ်ရက်လျှင် အောက်စီဂျင်ဘူး (၆၀)ခန့် အသုံးပြုနေကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၃၃၂)ဦးအထိရှိကာ (၂၆၄)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး (၅)ဦးသေဆုံးကာ ကျန်ရှိနေသည့် အတည်ပြုလူနာ (၆၃)ဦးတို့ကို တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ရာ အိတ်စွပ်တို့တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


