မုံရွာ ၊၂၁ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁ဝဝဝ)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့် နေရာများတွင် ဒေသခံ(၂)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း (၃)မျိုးတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက တတိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံမှုအပေါ် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊   ရှေးဟောင်းအမွေအနှစ် ပစ္စည်းများကို မြတ်နိုးတန်ဖိုးထားရမှာဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ပညာရှင်အဖွဲ့က စစ်ဆေး၍ မူလရွှေထည် တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာကြေးတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ထပ်မံဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံ (၂)ဦးအတွက် ကြိုတင်ဆုကြေးငွေကျပ် (၄၁)သိန်းကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အလားတူ ဒေသခံ (၁၁)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း (၁၁)မျိုးနှင့် ဟင်္သာရုပ် (၂)ခုတို့ကို ဒီဇင်ဘာ ၁၄ ရက်နှင့် ဒီဇင်ဘာ ၁၈ ရက်တို့က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လာရောက် အပ်နှံပေးခဲ့ရာ အဆိုပါ ဒေသခံ (၁၁)ဦးအတွက် ကြိုတင်ဆုကြေးငွေ ကျပ် ၉၅၈ဝဝဝဝ ကို ပြန်လည်ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)