နေပြည်တော်၊ ၁၈ ဒီဇင်ဘာ
မြန်မာ့ယွန်းလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်၊ အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ နည်းပညာ၊ အသိပညာ၊ ဗဟုသုတများတိုး ပွားစေပြီး စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ “ယွန်း လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ် ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က အဖွင့်မှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာ ပြင်ပကျွမ်းကျင် ပညာရှင်(၃)ဦးတို့က ယွန်းလက်မှုထုတ်ကုန် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော နည်းပညာများနှင့် မြန်မာ့ယွန်းထည်လုပ်ငန်း၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် ဈေးကွက် ဖော်ဆောင်ရန် သုံးသပ်ချက် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ဆောင်းဒါးရက် ကန်းနှင့်အသက်မွေးပညာသိပ္ပံ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး /ပြည်နယ်များမှ တိုင်းဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်များနှင့်ဝန်ထမ်းများ၊ ယွန်းလုပ်ငန်းရှင်များနှင့် ပြင်ပမှစိတ် ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)


