နေပြည်တော်၊  ၁၈   ဒီဇင်ဘာ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းစီစဉ်မှုဖြင့်  Online Training on Financial Investigation” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကော်မရှင်ရုံး သင်တန်းခန်းမ၌ Zoom Application စနစ်ဖြင့် ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ကော်မရှင်ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုး၊ ဦးဟန်ညွန့်၊ ဦးအောင်သန်းမြင့်နှင့် ဦးမျိုးမြင့်၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ UNODC မှ Anti-Corruption Programme Manager  Ms. Marie-Laure Pegie Cauchois နှင့် သင်တန်းနည်းပြ နိုင်ငံတကာ ကျွမ်းကျင်သူ Dr. Ramandeep Chhina တို့ တက် ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ဖွင့်လှစ်သင်ကြားမည့် သင်တန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးလျက်ရှိသော အမှုများနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်းကိုပါ ပူးတွဲဆောင်ရွက်ခြင်းဖြင့် ပိုမိုခိုင်မာအားကောင်းစေသော သက်သေခံ အထောက်အထားများ ရှာဖွေစုဆောင်းနိုင်ရန်၊ ကော်မရှင်မှ စစ်ဆေးရေးမှူးများအနေဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်းလုပ်ငန်းကို ပိုမိုထိရောက်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။

 

mdn

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ နှင့် ပုဒ်မ ၃၂ နှင့်အညီ ကော်မရှင်သည် အဂတိလိုက်စားမှုနှင့် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုတို့နှင့်စပ်လျဉ်း၍  စုံစမ်းစစ်ဆေးရာတွင် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများရှိ ငွေကြေးနှင့်ပစ္စည်းများ၏ မှတ်တမ်းများကို စစ်ဆေးကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်၊ တားမြစ်မိန့် ထုတ်ဆင့်ရန် လိုအပ်ပါက သက်သေခံပစ္စည်းအဖြစ် ရှာဖွေသိမ်းဆည်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း။

 

ကော်မရှင်မှ စုံစမ်းစစ်ဆေးခဲ့သော ကိစ္စရပ်များ၏ (၈၀) ရာခိုင်နှုန်းခန့်တွင် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကိုလည်း ပူးတွဲလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးမှူးများအနေဖြင့် ကော်မရှင်မှ စစ်ဆေးသည့် အမှုများနှင့် စပ်လျဉ်း၍ ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ စာရင်းများကို စုံစမ်းစစ်ဆေးရာတွင် ခေတ်မီနည်းပညာများကို လေ့လာသင်ယူခြင်းဖြင့် ပိုမိုထိထိရောက်ရောက်စွာ စစ်ဆေးနိုင်မည် ဖြစ်သောကြောင့် စွမ်းဆောင်ရည် မြင့်မားလာမည်ဖြစ်ပါကြောင်းကော်မရှင်အနေဖြင့် စစ်ဆေးရေးမှူးများကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ဘာသာရပ်နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပ သင်တန်းများသို့ အခါအားလျော်စွာ စေလွှတ်တက်ရောက်စေခဲ့ရာ ပြီးခဲ့သောနှစ်များအတွင်း ပြည်ပသင်တန်း (၃) ခု၊ ပြည်တွင်းသင်တန်း (၅) ကြိမ် စီစဉ်ပေးနိုင်ခဲ့ပါကြောင်း။

 

ယခုဖွင့်လှစ်သည့် သင်တန်းသည် Online နည်းစနစ်ဖြင့်  နိုင်ငံခြား ကျွမ်းကျင်သူပညာရှင်က အဝေးမှ သင်ကြားပို့ချမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွက် အစီအစဉ်ရေးဆွဲခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာရေးသားခြင်း၊ အများပြည်သူဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်နှင့် အရင်းအမြစ်များကို စစ်ဆေးခြင်း၊ ငွေကြေးဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုနည်းလမ်းများ၊ အသားတင် ကြွယ်ဝချမ်းသာမှုကို ဆန်းစစ်ခြင်းနှင့် နိုင်ငံအချင်းချင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကူအညီ တောင်းခံခြင်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွား မည်ဖြစ်ပါကြောင်း။

 

ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်မှ စစ်ဆေးရေးမှူးများအား ကျွမ်းကျင်မှုရှိစေရန် စာတွေ့ သီအိုရီပိုင်းသာမက လက်တွေ့လေ့ကျင့်ခန်းများကိုပါ ထည့်သွင်းလေ့ကျင့် သင်ကြားပေးမည့် သင်တန်းဖြစ်သည်နှင့်အညီ မိမိတို့ လေ့လာသင်ယူရမည့် အချက်အလက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူ၍ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်ပြီး အခြားသူများသို့လည်း လက်ဆင့်ကမ်းမျှ ဝေနိုင်သည်အထိ လေ့လာသင်ယူသွားကြပါရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

 

ယင်းနောက် UNODC မှ Anti-Corruption Programme Manager Ms. Marie-Laure Pegie Cauchois က နှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းနည်းပြ Dr. Ramandeep Chhina နှင့် မိတ်ဆက် ပေးသည်။

 

သင်တန်းသို့ ကော်မရှင်ရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးရေးမှူး (၃၀) တက်ရောက်ပြီး သင်တန်းကို ဒီဇင်ဘာ (၁၇) ရက်မှ (၂၃) ရက်အထိ (၅) ရက်ကြာ ပို့ချမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်