မန္တလေး၊  ၁၈  ဒီဇင်ဘာ

 

မြန်မာနိုင်ငံရှိ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင် အကျိုးရှိ ထိရောက်စွာ သုံးစွဲခြင်း အလေ့အထများ တိုးပွားလာစေရေးအတွက် It Starts with MEE (Myanmar Energy Efficiency) လူထု အသိပညာပေး လှုပ်ရှားမှုကိုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

#ItStartsWithMEE သည် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ စွမ်းအင် သုံးစွဲမှု ၂၀ % လျှော့ချနိုင်ရေး နှင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖူလုံမှုရှိစေရေး ရည်မှန်းချက်ကို ပံ့ပိုးပေးရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာစကားတွင် “mee” (မီး) သည် လျှပ်စစ်မီး၊ အလင်း စသော အဓိပ္ပါယ်များကို ဆောင်သည်ဟု သိရသည်။

 

အဆိုပါ လူထုအသိပညာပေး လှုပ်ရှားမှုကို UK aid မှ ငွေကြေးပံ့ပိုးထားပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏  စွမ်းအင် ခြိုးခြံချွေတာရေးဌာန နှင့် Carbon Trust မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး မိတ်ဖက် ပါတနာအဖြစ်  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် (Fed.MES) ၊ ကျား၊မရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာအမျိုးသမီး စီးပွါးရေးစွမ်းဆောင်ရှင်များအသင်း (MWEA) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)  တို့မှ ပါဝင်ဆောင်ရွက်ထားကြောင်း သိရသည်။

 

#ItStartsWithMEE မှတစ်ဆင့် မြန်မာနိုင်ငံရှိ ပြည်သူပြည်သားတိုင်း၊ အိမ်ထောင်စုတိုင်း၊ စီးပွားရေး လုပ်ငန်းတိုင်းမှ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်မယ့်နည်းလမ်းများကို လေ့လာသိရှိနိုင်ပြီး မိမိကိုယ်တိုင်ကျင့်ကြံဆောင်ရွက်ကာ အခြားသူများကိုလည်း တိုက်တွန်းနှိုးဆော်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရေရှည်တည်တံ့ပြီး စွမ်းအင် လုံလောက်မှုရှိတဲ့ အနာဂတ်ကို ကျွန်မတို့ အတူတကွ တည်ဆောက် နိုင်ပါတယ်။ ဒါကလည်း စီမံကိန်း၊  ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးဆောင ဦးရွက်ပြုပြီး ဆောင်ရွက်သွားမယ့်  စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အွန်လိုင်းနဲ့ အွန်လိုင်းပြင်ပ ကဏ္ဍမျိုးစုံမှာပြုလုပ်တဲ့ ပထမဆုံး အသိပညာပေးလှုပ်ရှားမှုကြီး #ItStartsWithMEE က တစ်ဆင့် ပေးချင်တဲ့ သတင်းစကားပဲဖြစ်ပါတယ်။ ဟု စီမံကိန်း၊  ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စွမ်းအင် ခြိုးခြံချွေတာရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်နိုင်နိုင်လင်းက ဆိုသည်။

 

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၅၆ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်စွမ်းအင်များရရှိပြီး  အရှေ့တောင်အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရရှိမှု အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်။ အစိုးရသည် လျှပ်စစ်သုံးစွဲသူများအား အသိပညာမြှင့်တင်လျက် လျှပ်စစ်သုံးစွဲမှု လိုအပ်ချက်ကို ပြည့်မီအောင် ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြောင်းလဲလာသော ဈေးကွက် လိုအပ်ချက်နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထားများကိုလည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် တိုးမြှင့်ခဲ့သည်။

 

မီးလောင်မှုအချို့က အပူလွန်ကဲတတ်တဲ့ လျှပ်စစ်မီးဖိုလိုမျိုး ပစ္စည်းတွေကြောင့် ဖြစ်ရတာပါ။ တစ်ခါတစ်လေ တော့လည်း ဝန်နဲ့မမျှအောင် သုံးစွဲတာမျိုး၊ နောက်ပြီး လျှပ်စစ်ပစ္စည်းအများကြီးကို အသုံးမပြုဘဲနဲ့ နေ့ရော ညရော ပလပ်ထိုးထားတာမျိုး စတဲ့ပေါ့ပေါ့လျော့လျော့ လုပ်ရပ်တွေ ကြောင့်လည်း မီးလောင်မှုဖြစ်ပွားပါတယ် ဟု မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်နေ ကိုအောင်ပိုင်ဟိန်းက ဆိုသည်။

 

မေသက်ထား