နွားထိုးကြီး၊  ၁၈   ဒီဇင်ဘာ

 

နိုင်ငံတော် အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာ စားဆီ တန်ချိန် ၄၂ တန် (ဆီပုံး-၂၅၈၇ ပုံး)ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်ဆေးနေပြီဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်များတွင် လက်ခံသိုလှောင်ရေး ကြီးကြပ်မှု အဖွဲ့များကို ဖွဲ့စည်းပေးထားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်မှု မြင့်မားလာလျှင် ပြည်သူလူထု စားနပ်ရိက္ခာ အဆင်ပြေစေရေး အရေးပေါ်စားဆီများကို  သိုလှောင်ထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်မားလာချိန် သို့မဟုတ် ပြည်သူလူထု စားနပ်ရိက္ခာအခက်အခဲရှိသည့်အချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့၏ စီစဉ်မှုနှင့်အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှုန်း မြင့်မားလာပါက တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် နိုင်ငံသားများကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ နွားထိုးကြီးမြို့နယ်အတွက် ဆီပလပ်စတစ်ပုံး ၂၅၈၇ ပုံး (၄၂ တန်) ကို မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်အဖွဲ့နှင့် လက်ခံသိုလှောင်ရေးအဖွဲ့မှ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သန်းအောင်ဇော်