ကန့်ဘလူမြို့တွင် ဇီးပန်းသီးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေ

ကန့်ဘလူ၊    ၁၇   ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် ဇီးပန်းသီးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။

အဆိုပါ ဇီးပန်းသီးပင်များကို မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့မှ ဝယ်ယူစိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီ ဇီးပန်းသီးပင်မျိုးကို မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့က  မျိုးကို ကြိုက်နှစ်သက်တဲ့အတွက် တစ်ပင်ကို ငွေကျပ် ၁၅၀၀ နဲ့ ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ပါတယ်။ စိုက်တဲ့အခါမှာလည်း ကျင်းကို အကျယ် တစ်ပေခွဲ နှစ်ပေ အနက်တူးပြီးတော့ မြေအောင်းပိုးသတ်ဆေး၊ သဘာဝမြေဩဇာများ ထည့်သွင်းစိုက်ပျိုး ပါတယ်။ တစ်ပင်နဲ့တစ်ပင်ကြား ပေ ၂၀ ခန့်အကွာ စိုက်ပျိုးထားပြီး အခုဆိုရင် သက်တမ်း သုံးနှစ် ခန့် ရှိပါပြီ။ ဇီးပန်းသီးများကို ကြိုက်နှစ်သက်ကြတဲ့အတွက် ကျွန်တော်တို့ ကန့်ဘလူမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေ၊ ကျွန်းလှမြို့သို့ နှစ်ကီလို (၅၀ ကျပ်သား)ရှိတဲ့ ဇီးပန်းသီးတစ်အိတ်ကို ငွေကျပ် ၄၀၀ နှုန်းနဲ့ ဖောက်သည်ပေးရောင်းချခြင်း ဖြစ်ပါတယ်” ဟု ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်နေ ကိုယ်တိုင် စိုက်ပျိုးသူ ဦးမြင့်စိုးက  ပြောသည်။

ယခုအခါ ဇီးပန်းသီးပင်များအား  ငှက်များ၏ စားသုံးမှုရန်မှ ကာကွယ်ရန်အတွက် ပိုက်များဖြင့်ဖုံးအုပ် ထားရကြောင်း သိရသည်။    

အောင်ဝင်းငြိမ်း(ကန့်ဘလူ)