ပြည်ပတင်ပို့မည့် စျေးကွက် ခိုင်မာမှုရှိပါက ပြောင်းတိုးချဲ့စိုက်ပျိုးမည်

၁၇   ဒီဇင်ဘာ

 

ပြည်ပတင်ပို့မည့် စျေးကွက် ခိုင်မာမှုရှိပါက ပြောင်းတိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင် က ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြောင်းတိုးချဲ့စိုက်ပျိုးရန် မြေလွတ်မြေရိုင်းများရှိသော်လည်း စျေးကွက် ခိုင်မာမှုမရှိဘဲ တိုးချဲ့စိုက်ပျိုးပါက တောင်သူများအတွက် အဆင်မပြေကြောင်း ၎င်းက ဆက်ပြောသည်။

 

"ပြောင်းကို တိုးပြီးစိုက်တာက လွယ်တယ်၊ တချို့ကျတော့ ပြောင်းက စျေးကွက်ရှိတယ်၊ စျေးကွက် ကောင်းတယ် အဲတော့ ပြောင်းကို များများစိုက်မယ်၊ ပိုပြီးတော့ ထုတ်လုပ်ကြမယ်ဆိုတာက အာမခံချက် မရှိဘူး၊ ဒီနေ့ကျွန်တော်တို့ တန်ချိန်သုံးသန်း စိုက်ပျိုးထုတ်လုပ်တယ်၊ တစ်ခုခုကြောင့် စျေးကွက် ပျောက်သွားရင် ဘယ်သူတာဝန်ယူမလဲဆိုတဲ့ အချိန်မှာ ဘယ်သူမှ တာဝန်ခံမယ့်သူမရှိဘူး၊ အဓိက ပြဿနာက စျေးကွက်ခိုင်မာမှုကို အရင်လုပ်ရမယ်၊ တရုတ်က ဝယ်မယ်ဆို စျေးကွက်ခိုင်မာသွားပြီ၊ တရုတ်က တရားဝင်ဝယ်မယ်၊ ဘယ်လို အရည်အသွေးမျိုးကို ဘယ်လိုစက်ရုံတွေနဲ့ အခြောက်ခံပြီး ဘယ်လိုဂိုဒေါင်တွေမှာ သိုလှောင်ထားရင်တော့ ဝယ်မယ်လို့ အစိုးရချင်း ညှိနှိုင်းထားပြီးတော့ တို့ဘက်ကလည်း Hazard Analysis and Critical Control Points (HACCP) လက်မှတ် ကိုင်ထားတယ်ဆိုရင် ဘာပဲပြောပြော တရားဝင်ရောင်းလို့ အနေအထားလည်းဖြစ်ပြီး စျေးကွက်ကလည်း ခိုင်ပြီဆိုရင် စိုက်ရတာ လွယ်လွယ်လေးရယ်၊ စိုက်ရမယ်ဟေ့ဆိုရင် တစ်ရာသီဘဲ စောင့်ရတာ၊ သီးနှံတစ်ခုစိုက်ဖို့တော့ လေးလဘဲ စောင့်ရတာ"ဟု ဦးမင်းခိုင် က ပြောသည်။

 

လက်ရှိ ပြောင်းအဓိက တင်ပို့လျှက်ရှိသည့် တရုတ်နိုင်ငံမှာလည်း တရားဝင်တင်ပို့ခွင့် မရရှိသေးသဖြင့် အမြန်ဆုံးရရှိစေရေး နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"အဓိကကတော့ Food Safety ပေါ့၊ Food Safety အတွက် သူတို့ဘက်ကနေပြီး ပြောင်းထုတ်လုပ်မှုနဲ့ ပတ်သက်လို့ စိုက်ပျိုးမှုနောက်က Background ပေါ့၊ ဘာတွေသုံးထားလဲ၊ ဘယ်လိုအချိန်စိုက်လဲ၊ ဘယ်လိုသိုလှောင်လဲ၊ ဘယ်လိုရိတ်သိမ်းလဲ အဲဒါတွေအတွက်က ဘာလိုအပ်လည်းဆိုရင် တရုတ်နိုင်ငံက လက်ခံတာတော့ Hazard Analysis and Critical Control Points (HACCP) ပေါ့၊ HACCP လက်မှတ်တွေ၊ GAP လက်မှတ်တွေ အဲဒါတွေကလည်း နှစ်နိုင်ငံ ပေးဖို့အတွက် ဟိုဘက်အစိုးရဘက်ကရော ဒီဘက်အစိုးရဘက်ကရော နှစ်နိုင်ငံ သဘောတူညီမှု ရှိပြီးသား၊ ခက်တာက တို့နိုင်ငံမှာက ထုတ်လုပ်မှုအပိုင်းမှာ ပြဿနာ မရှိပေမယ့် ဒီဘက်မှာ ရိတ်သိမ်းလွန် နည်းပညာအရ တို့က ရိတ်ပြီးသွားရင် ဘယ်လိုအခြောက်ခံလဲ၊ ဘယ်လိုသိုလှောင်လဲ၊ တို့ဆီမှာက အခြောက်ခံစနစ်တွေ သိုလှောင်စနစ်တွေ  လိုအပ်ချက်ရှိတယ်၊ အဲဒါကိုလည်း အစိုးရရယ်၊ ရင်းနှီးမြှုပ်နှံသူတွေရယ် ကျွန်တော်တို့ အသင်းရယ် ပေါင်းပြီးတော့ နောင်နှစ်အနည်းငယ် အတောအတွင်းမှာ အဆင်ပြေအောင် ကြိုးစားနေတယ်"ဟု  ဦးမင်းခိုင် က ပြောသည်။

 

လက်ရှိ တရုတ်နိုင်ငံနှင့် တရားဝင်တင်ပို့ခွင့် မရရှိသေးသော်လည်း တရုတ်နိုင်ငံအနေဖြင့်  ပြောင်း လိုအပ်ချက်ရှိပါက နားလည်မှုဖြင့် ရောင်းဝယ်နေရသောကြောင့် အာမခံချက် မရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

"ဒါကတော့ Border Trade ရဲ့ ထုံးစံပေါ့၊ ဟိုဘက်က လိုအပ်ချက်ရှိလာရင် မသိချင်ယောင်ဆောင်တယ်၊ သူတို့နိုင်ငံမှာ လိုအပ်ချက် အရမ်းများလာပြီ မြန်မာပြည်က ပြောင်း မဖြစ်မနေ ဝယ်ရမယ်ဆိုပါတော့ အဲလိုအချိန်တွေကျ မသိချင်ယောင်ဆောင်တယ်၊ တကယ်လို့ မဝယ်ဘဲ နေလို့ရရင် ဖမ်းလိုက်တယ်၊ ပိတ်လိုက်တယ်ပေါ့၊ ကုန်သည်တွေတော့ နစ်နာတာပေါ့၊ တရားဝင်ဖြစ်သွားရင် ဘာပဲပြောပြော အာမခံချက် ကောင်းတာပေါ့၊ ကိုယ့်ဟာကို ရဲရဲတင်းတင်း ရောင်းရဲတယ်၊ ရဲရဲတင်းတင်း ကုန်သွယ်လို့ရတာပေါ့၊ အခုဟာက တရားမဝင်ကုန်ဖြစ်တော့ကျ ဟိုဘက်က လိမ်ရင်တောင်မှ ကိုယ့်ဘက်က အားနည်းချက် ဖြစ်နေတယ်"ဟု ဦးမင်းခိုင် က ပြောသည်။

 

ထို့ကြောင့် ပြောင်းလောက တိုးတက်ဖွံ့ဖြိုးရန် အစိုးရအနေဖြင့် ခိုင်မာသည့် စျေးကွက်ရရှိရေး ဆောင်ရွက်ပေးရမည့်အပြင် အရည်အသွေးမီသော မျိုးစေ့ဖော်ထုတ်ပေးရန်၊ လိုအပ်သည့် ဓါတ်မြေသြဇာ ကို ပြည်တွင်း၌ပင် လုံလောက်စွာ ထုတ်ပေးရန်၊ စိုက်ပျိုးရေး ပညာရှင်များနှင့် တောင်သူများ ထိတွေ့ရန်၊ တောင်သူများအတွက် ချေးငွေ ထုတ်ချေးရန်၊ ရိပ်သိမ်းလွန်အချိန်အတွက် ဂိုဒေါင်၊ အခြောက်ခံစက်များကို ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများ ဖိတ်ခေါ်၍ ထောက်ပံ့ကူညီပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

 

လက်ရှိ မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်ရေးဖြင့် အဓိကတင်ပို့သည့် တရုတ်နိုင်ငံအပြင် လာအို၊ ထိုင်း စသော နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်တို့ကို  တင်ပို့နေကာ ပြောင်းတစ်တန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၃၀ မှ ၂၄၀ ကြား ရရှိကြောင်း သိရသည်။

 

လက်ရှိ ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပြီး တစ်နှစ်လျှင်  ဆောင်းပြောင်း၊ နွေပြောင်း၊ မိုးပြောင်းဟူ၍ လေးလတစ်ကြိမ် ထွက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းကျော် ရှိသည်။

 

ပြီးခဲ့သည့် ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်း တန်ချိန် ၂ ဒဿမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

 

ယခုဘဏ္ဍာနှစ်တွင်မူ ပြည်တွင်း ပြောင်း သုံးစွဲမှုမှာလည်း ယခင်နှစ်များထက် များလာသဖြင့် ပြည်ပပြောင်းတင်ပို့မှုကို တန်ချိန် ၁ ဒဿမ ၆ သန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

 

ငြိမ်းငြိမ်း