မန္တလေး၊ ၁၄ ဒီဇင်ဘာ
ကိုဗစ်ကာလတွင် ကားအရောင်းအဝယ်အေးနေပြီး လုပ်ငန်းသုံး ခွေးဘီဘူးကားများသာ မန္တလေးမြို့တွင်း အရောင်းအဝယ်ရှိနေကြောင်း မန္တလေး ကားရောင်းဝယ်ရေးစခန်း အတွင်းရေးမှူးထံမှ သိရသည်။
ကိုဗစ်ကာလတွင် စီးပွားရေးခက်ခဲခြင်းကြောင့် လုပ်ငန်းသုံးကားလေးများဖြစ်သည့် ခွေးဘီလူးကားများသာ အွန်းလိုင်းမှရောင်းချနေရပြီး မြို့အဝင်အထွက်များ မလွယ်ကူသဖြင့် နယ်အရောင်းအဝယ်များထက် မန္တလေးမြို့တွင်းသာ အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
“ဖေဖော်ဝါရီလပိုင်းကစပြီး ကားဝိုင်းက ပိတ်လိုက်တယ် ကားအရောင်းအဝယ်စခန်းတွေ ပိတ်လိုက်တယ် ပြန်ဖွင့်ပြီး ၉ လပိုင်း ၂၇ ရက်က စပြီး ပြန်ပိတ်လိုက်တော့ ဒီကနေ့အထိ မဖွင့်သေးဘူး။ အရောင်းအဝယ်က ကားအသေးတွေ အွန်လိုင်းကနေ ခွေးဘီလူးလေးတွေ နောက်ပြီး ၁၀၀၊ ၁၅၀ တန်ပဲ ခုချိန်မှာတော့ မြို့ထဲကလူတင်ပဲ အရောင်းအဝယ်လုပ်နေရတယ်” ဟု မန္တလေးကားရောင်းဝယ်ရေးစခန်း အတွင်းရေးမှူး ဦးရဲညွှန့်က ပြောသည်။
အရောင်းအဝယ်ရှိနေသော ခွေးဘီလူးအမျိုးအစား Hijet ၊ Suzuki အမျိုးအစား လုပ်ငန်သုံးကားလေးများ သည်လည်း ပုံမှန်ဈေးထက် ငွေကျပ် ၁၀ သိန်း ၊ ၁၅ သိန်း လျေှာ့ပြီးရောင်းချနေကြောင်း သိရသည်။
“ဝင်လမ်းထွက်လမ်းတွေလည်း ပိတ်ထားတယ်လေ အဲကားလေးတွေကတော့ ကားတစ်စီးကို ၁၀ သိန်း ၊ ၁၅ သိန်း လျှော့ရောင်းနေကြရတယ် အလုပ်ဖြစ်အောင်လုပ်နေကြရတဲ့ သဘောပေါ့” ဟု ဦးရဲညွှန့်က ဆိုသည်။
မေသက်ထား


