၁၄ ဒီဇင်ဘာ
မူဆယ်တွင် ပိတ်မိနေသည့် ကျွဲ နွားကုမ္ပဏီများအနက် ကုမ္ပဏီ ၇၀ ခန့်မှာ ကျွဲ နွားများ၏ အစာစရိတ်ကြီးမြင့်မှုအပါအဝင် လုပ်အားခ ကုန်ကျစရိတ်များ ကြီးမားသောကြောင့် မူလနေရာသို့ပြန်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်း ကျွဲ နွားတင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။
"ကျွဲ နွားအကောင် ၁၀၀ က နယ်စပ်မှာ ရောက်ရင် တစ်ရက်ကို အနည်းဆုံး လေးသိန်းကနေ ခြောက်သိန်း ကြားလောက်ကုန်တယ်၊ လေးသိန်းကနေ ခြောက်သိန်းကြားဆိုတာ အကုန်လုံး ခြုံပြီးတော့ ဥပမာ ကျွဲ နွားအကောင် ၁၀၀ ကို လူ ၁၀ ယောက်လောက်က ကျွေးရတယ်၊ အလုပ်သမားခ ပေးရတယ်၊ ကျွဲ နွားစာ ဝယ်ရတယ်၊ အဲတော့ တစ်ရက်တစ်ရက်က လေးငါးခြောက်သိန်းကုန်ရင် တစ်လကို သိန်းရာကျော်သွားပြီ"ဟု ဦးစိုးနိုင်က ပြောသည်။
လက်ရှိ မူဆယ်တွင် ကုမ္ပဏီ ၁၅၀ ခန့်မှ ကျွဲ နွားအကောင်ရေ ၁၅၀၀၀ ခန့်အထိ ပိတ်မိနေပြီး ကျွဲ နွားအကောင် ၁၀၀ အတွက် တစ်နေ့လျှင် ကျွဲ နွား အစာအတွက် မန္တလေးမှ ဝယ်ယူရသည့် အစာဖိုးအပြင် ၎င်းတို့အား အစာကျွေးမွေးရန် လူငှားစရိတ်မှာ အနည်းဆုံး လေးသိန်းမှ ခြောက်သိန်းကြား ကုန်ကျနေသဖြင့် မူလနေရာသို့ပြန်လို၍ မန္တလေးတိုင်း ကျွဲ နွားတင်ပို့ရောင်းချသူများအသင်းထံ တင်ပြထားကြောင်း ၎င်းက ဆက်ပြောသည်။
"လောလောဆယ်က ၁၅၀၀၀ လောက်တော့ရှိပါတယ်၊ ဒါပေမယ့် တချို့ကုန်သည်တွေက ကျွန်တော့်ကို စာရင်းပေးထားတဲ့ စာရင်းအရ ကုမ္ပဏီ ၇၀ ကျော်က ပြန်ချင်တယ် တင်ပြထားတယ်၊ အခုဟာက လာမယ့် ၂၀၂၁ ဇန်နဝါရီလမှာကျတော့ တရား၀င် ဟိုဘက်ကနေ ၀ယ်မယ်လို့ သတင်းကြားနေတော့ နည်းနည်းတိုင်ပင်နေကြတယ်၊ ဒီဘက်ကို ပြန်လာတာနဲ့ လာတာလည်း အလုပ်တစ်ခု ရှုပ်အုံးမယ်၊ ရောက်လက်စနဲ့ အပင်ပန်းခံပြီး စောင့်နိုင်မလားလို့ တိုင်ပင်နေတုန်း"ဟု ဦးစိုးနိုင်က ပြောသည်။
လက်ရှိ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကျွဲ နွားများကို ဝယ်ယူရာတွင် လျှာနာခွာနာအပါအ၀င် ရောဂါအမျိုး ၂၀ ၀န်းကျင်အထိ စီစစ်ပြီးမှသာ တင်သွင်းခွင့်ပြုသောကြောင့် သက်ဆိုင်ရာ နှစ်ဖက်တာ၀န်ရှိသူများ ညှိနှိုင်းနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ဖြစ်၍ ယခင်က တစ်နေ့လျှင် မူဆယ်မှ တရုတ်နိုင်ငံသို့ ကျွဲ နွားအကောင်ရေ ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်အထိ အရောင်းအ၀ယ်ရှိနေသော်လည်း ယခုအခါ ကိုဗစ်-၁၉ အပါအ၀င် အခြားသောအချက်များကြောင့် တရုတ်နိုင်ငံမှ ကျွဲ နွား၀ယ်ယူမှု သုံးလခန့် ရပ်ဆိုင်းနေကြောင်း ဦးစိုးနိုင်က ဆက်ပြောသည်။
လက်ရှိ တရုတ်နိုင်ငံ၏ ကျွဲ နွား၀ယ်ယူမှုမှာလည်း နည်းနေပြီး မြန်မာနိုင်ငံမှ ရောင်းလိုအားများခြင်းကြောင့် ဈေးနှိမ်မည်ကို စိုးရိမ်ကြောင်း၊ ထို့ပြင် တခြားနိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ၀ယ်ယူမည့် ဈေးကွက်ရှိသော်လည်း တရုတ်နိုင်ငံကပေးသည့် ဈေးကွက်ကို မမီသဖြင့် တရုတ်နိုင်ငံကိုသာ အားထားနေရကြောင်း ၎င်းက ဆက်ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေဖြင့်လည်း ကျွဲ နွားကုန်သည်များအား ပါမစ်ခွင့်ပြုပေးရာတွင် သုံးလသက်တမ်းဖြင့် ကုမ္ပဏီတစ်ခုလျှင် ကျွဲ နွားအကောင်ရေ ၁၀၀ သတ်မှတ်ကာ တင်ပို့ရောင်းချခွင့်ပေးထားပြီး ယင်းသက်တမ်းသုံးလအတွင်း မရောင်းချပါက အရေးယူခြင်း ခံရနိုင်မည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် ကျွဲ၊ နွားများ ပြည်ပသို့ တရားမ၀င် တင်ပို့ခြင်းကို တရား၀င်လမ်းကြောင်းပေါ် ရောက်လာစေရန်နှင့် မွေးမြူရေး တောင်သူများ ၀င်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေပြီး တောင်သူများ စီးပွားရေး ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ကျွဲ၊ နွား အရှင်များကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ ပြည်ပသို့ တရား၀င် တင်ပို့ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ နှစ်စဉ် ကျွဲ နွား တင်ပို့မှုမှာ ပြည်တွင်းစားသုံးမှုနုတ်၍ အရေအတွက် ၅၀၀၀၀၀ ဝန်းကျင် ပြည်ပတင်ပို့နိုင်ကြောင်း မန္တလေးတိုင်း ကျွဲ နွား တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
ငြိမ်းငြိမ်း


