ရန်ကုန်၊ ၁၃ ဒီဇင်ဘာ

 

မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက်၊ ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးပွဲတော်ဖြစ်သော Big Bad Wolf Book Sale ကို ဒီဇင်ဘာ ၂၃ ရက်မှ ၃၀ ရက် အထိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Big Bad Wolf Book Sale တွင် အင်္ဂလိပ်ဘာသာစကား စာအုပ်အရေအတွက် သန်း ၂၀ နှင့် စာအုပ်ခေါင်းစဉ် အမျိုးအစား ၄၀,၀၀၀ ကျော်တို့ကို လက်လီစျေးနှုန်းများမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာအုပ်ဈေးပွဲတော်ကြီး၌ စာပေချစ်သူများအနေဖြင့် စာအုပ်အမျိုးအစားများစွာကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများ၊ အချစ်ဝတ္ထုများ၊ စာပေဆိုင်ရာစာအုပ်များ၊ ဂရပ်ဖစ်ဝတ္ထုများ၊ စီးပွားရေးစာအုပ်များ၊ ကလေးငယ်များအတွက် မိဘများနှင့်အတူ နေအိမ်တွင် လုံခြုံစွာ ဖတ်ရှုနိုင်ရန်အတွက် ပုံပြင်စာအုပ်များ၊ လှုပ်ရှားမှုစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပုံစာအုပ်များနှင့် Interactive ပြုလုပ်နိုင်သော စာအုပ်များစီစဥ်ထားကြောင်း သိရသည်။

 

ဒီနှစ်အစောပိုင်း ကပ်ရောဂါ စဖြစ်ကတည်းက ကျွန်မတို့ရဲ့ အဓိက ဦးစားပေးဟာဆိုရင် စျေးဝယ်သူတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံမှုပါပဲ။ “ဒါပေမဲ့ စာဖတ်သူမျိုးဆက်သစ်တွေ တည်ဆောက်ဖို့နဲ့  စာဖတ်ခြင်းရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ဖြန့်ဝေရမယ်ဆိုတဲ့ ကျွန်မတို့ရဲ့  ဦးတည်ချက်ကို အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့် အဟန့်အတားဖြစ်ခံမှာ မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စာအုပ်ချစ်သူတွေအတွက် သူတို့ရဲ့ အကြိုက်ဆုံး စာအုပ်တွေကို စာအုပ်ရောင်းပွဲတော်မှာ လက်လှမ်းမီတဲ့ စျေးနှုန်းတွေနဲ့ ရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့  e-commerce ပလက်ဖောင်းအသစ်နဲ့ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းဟာ ဘယ်နေရာကနေမဆို ဒီနှစ် Big Bad Wolf Book Sale ကနေ စာအုပ်တွေကို လုံခြုံစိတ်ချစွာ ဝယ်နိုင်မှာပါ ဟု Big Bad Wolf Books ကို ပူးတွဲတည်ထောင်သူ Jacqueline Ng က ပြောသည်။

 

မြန်မာနိုင်ငံတွင် အွန်းလိုင်းမှ ကျင်းပပြုလုပ်ရောင်းချသွားမည့် Big Bad Wolf Book Sale ၏ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကို မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပြီး Online Book Sale ၏ နောက်ဆုံးသတင်းများကို Big Bad Wolf Book ၏ Facebook စာမျက်နှာတွင်လည်း ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတကာ၌ လူသိများပြားသည့် ကမ္ဘာ့အကြီးဆုံးစာအုပ်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီးကို ၂၀၂၀ ဇန်နဝါရီလက ရန်ကုန်မြို့၌ တတိယအကြိမ် ကျင်းပခဲ့သည်။

 

အာကာစိုး