နေပြည်တော် ၁၂ ဒီဇင်ဘာ
တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ဝန်ကြီးဌာန အစည်းအဝေးခန်းမှ Online ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။
ကုန်စည်ပြပွဲဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှုမြင့်တင်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဒီဂျယ်တယ်စီးပွားရေး၏ အရေးပါသော အခန်းကဏ္ဍကို အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် မြန်မာအပါအဝင် တောင်အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အခြေခံကောင်းများ ချမှတ်ပေးနိုင် မည်ဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူများအတွက် တည်ငြိမ်အေးချမ်းမှု၊ အပြန်အလှန် ယုံကြည်မှု၊ ပြည့်စုံကြွယ်ဝမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လည်း တောင်အာရှနှင့် တရုတ်နိုင်ငံအကြား ပေါင်းကူးတံတားသဖွယ် တည်ရှိနေမှုကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း။
ထို့ပြင် Master Plan on ASEAN Connectivity (MPAC) 2020 နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းပါ ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများအတွက် ဆန်းသစ်သော နည်းလမ်းများကို ရှာဖွေ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွား လိုပါကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ပိုမိုနီးကပ်သော ထိတွေ့မှုကို ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်အာရှ၊ တရုတ်နှင့် မြန်မာတို့အပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ပေါ်ပေါက်လာသော စိန်ခေါ်မှုများသည် မိမိတို့၏ ပိုမိုစည်းလုံးညီညွတ်မှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်မှုတို့ ပိုမိုလိုအပ်လာစေသည့် အခြေအနေများ ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပုံမှန်ကုန်သွယ်မှုအပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အွန်လိုင်းငွေ ပေးချေမှုစနစ်ကဲ့သို့သော ကုန်သွယ်မှုနည်းလမ်းအသစ်များကို လေ့လာဆန်းသစ်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာ၌ စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ် မှုစနစ်ဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ ကတိကဝတ်များကို လိုက်ပါဆောင်ရွက်ကြပြီး ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုလည်း ဖြေလျှော့ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်ကို ပွင့်လင်း၍ ပိုမိုဆန်းသစ်သော နည်းလမ်းများဖြင့် ပေါင်းစည်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ဤကုန်စည်ပြပွဲ၏ ရည်ရွယ်ချက် သည်လည်း ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို ပူးပေါင်းလက်တွဲတုံ့ပြန်နိုင်ရန်နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ တက်လှမ်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ၊ Vice Governor of Yunnan Province၊ Deputy Secretary of CPC Yunnan Provincial Committee & Acting Governor of Yunnan Province၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Member of the CPC Leadership Group & Assistant Minister၊ ပါကစ္စတန်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Special Secretary၊ သီရိလင်္ကာနိုင်ငံ၊ Ratten, Brass, Pottery, Furniture and Rural Industrial Promotion ၏ State Minister ၊ လာအိုနိုင်ငံ Ministry of Industry and Commerce ၏ ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ၊ Ministry of Industry and Trade ၏ ဒုတိယဝန်ကြီးတို့က အမှာစကား ပြောကြားသည်။
ယင်းနောက် တရုတ်နိုင်ငံ၊ Secretary of CPC Yunnan Provincial Committee ဖြစ်သူ Ruan Chengfa က အွန်လိုင်းပြပွဲဖွင့်လှစ်ကြောင်း ကြေငြာပြီး တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ် ဦးထွန်းအောင်ကျော်အပါအဝင် ကူမင်းရှိ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ က စက်ခလုတ်နှိပ်၍အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
အဆိုပါကုန်စည်ပြပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံမှကုမ္ပဏီ(၂၀)က ကျောက်မျက်ရတနာများ၊ သစ်အချောထည် ပရိဘောဂပစ္စည်းများ၊ သစ်သီးဝလံများနှင့် စားသောက်ကုန်များအား အွန်လိုင်းမှ ပါဝင်ပြသခဲ့ပြီး ဒီဇင်ဘာလ (၁၅) ရက်တွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံးမှ ဦးဆောင်၍ Live Streaming for Promotion of Goods, Industry, Culture and Tourism of Myanmar ဖြင့် National Promotion Program တစ်ခု ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


