နေပြည်တော် ၇ ဒီဇင်ဘာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကောင်းစက်ဝန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းက ယခုနှစ်ရာသီအတွင်း အသင်းသား တောင်သူဦးရေ ၂၀၀ ခန့်မှ အသင်းသားပိုင်မြေဧက ၅၄၄ ဧကပေါ်တွင် ရွက်သီးများဖြင့် လည်းကောင်း၊ မျိုးဥများဖြင့် လည်းကောင်း ဝဥစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ ရွက်သီးများဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ရာသီအတွင်း မျိုးဥအဆင့်များ ရရှိနိုင်ပြီး မျိုးဥများဖြင့် စိုက်ပျိုးပါက ရောင်းတန်းဝင် ဝဥများကို ရရှိနိုင်ကြောင်း သိရသည်။

 

ဗန်းမော်မြို့နယ် ဦးစီးအရာရှိ ဦးတင်လှမှ မင်းလှရပ်ကွက်သို့ သွားရောက်၍ အသင်းမှ တာဝန်ရှိသူများ၊ ဝဥစိုက်ပျိုးထုတ်လုပ်သူ အသင်းသားများနှင့် ဒီဇင်ဘာ ၁ ရက်တွင် သွားရောက်တွေ့ဆုံပြီး အသင်း၏ ဝဥများ ဝယ်ယူသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးထားသော ဝဥစိုက်ခင်းများမှ ဝဥတူးဖော်ရန် အသင့်ရှိမှုအနေအထားများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အသင်းအမှုဆောင်အဖွဲ့၏ တင်ပြချက်အရ ၎င်းတို့အသင်းအနေဖြင့် ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းအား ကချင်ပြည်နယ်တစ်ခုလုံး စိုက်ပျိုးထုတ်လုပ် လွှမ်းမိုးနိုင်အောင်နှင့် မိသားစုတစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးခြင်းအဆင့်သို့ လည်းကောင်း၊ ထုတ်ကုန်များကို ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရောင်းချသည့် အဆင့်သို့လည်းကောင်း ထုတ်ကုန်များအား နိုင်ငံခြားသို့ ချိတ်ဆက်တင်ပို့နိုင်သည်အထိ လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

MDN