ပခုက္ကူ၊  ၄  ဒီဇင်ဘာ

ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား (၃၃)ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်ရှိရာ ယခုကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားနိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်း အရင်းအပျောက် မတည်လည်ပတ်ရန်ပုံငွေကို ဒီဇင်ဘာ ၄ ရက်တွင် ရှားပင်အုပ်စု၊ ထောက်ရှာပင်ကျေးရွာ ဘုန်းကြီးကျောင်း၌  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေကျပ် သိန်း (၃၀၀)ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလည်ပတ်ရန်ပုံငွေ အတိုး/အရင်း စုစုပေါင်း ငွေကျပ် (၅၄၉)သိန်း ရှိပြီး ယခု ဆဋ္ဌမစက်ဝန်းတွင်  စိုက်ပျိုးရေး (၄၂)ဦးအတွက် ငွေကျပ် (၂၀၁)သိန်း၊ မွေးမြူရေး(၅၇)ဦးအတွက် ငွေကျပ် (၂၇၃)သိန်း၊ အရောင်းအဝယ် (၈)ဦးအတွက် ငွေကျပ် (၄၄)သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၈)ဦးအတွက် ငွေကျပ် (၃၁)သိန်း စုစုပေါင်း ငွေကျပ် (၅၄၉)သိန်းကို အသင်းသူ/အသင်းသားများထံ ထုတ်ချေးပေးခဲ့သည်။ ရန်ပုံငွေ ထုတ်ချေးမှုအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်မှု စည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ချေးခဲ့ပြီး ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန ဝန်ထမ်းများက လိုက်ပါကြီးကြပ်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ခိုင်စံဝေ(ကျေးလက်)