လဟယ်၊ ၄  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်းက မိမိတို့တာ၀န်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်လည်း ခွင့်ပြုရန်ပုံငွေလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကယ်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင်ဘဏ္ဍာနှစ်၏ အားသာချက် အားနည်းချက်အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပါကြောင်း၊ ထို့အတူ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီမှ လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မွှေးကြူဇင်