ညောင်ဦး ၃၀ နိုဝင်ဘာ     

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီး၏ (၉၆၁)ကြိမ်မြောက် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၆ နာရီခွဲက ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ အကျဉ်းရုံးသာ ကျင်းပပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ပုဂံခေတ် အနော်ရထာမင်းကြီး၏ ကောင်းမှုတော်ဖြင့် ကောဇာသက္ကရာဇ် ၄၂၁ ခုနှစ်တွင် တည်ထားကိုးကွယ်တော် မူခဲ့သော ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၈)ရက်တွင် ကျင်းပ လေ့ရှိရာ ယခုနှစ်တွင် (၉၆၁)ကြိမ်မြောက် ရှိသွားပြီဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက ရွှေစည်းခုံဘုရားကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒပြုချက်အရ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ နှင့်  လူမှုရေးအသင်းအဖွဲ့များက ရွှေစည်းခုံဘုရားကြီးအား ဆွမ်းခဲဖွယ်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံသာတိုင်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတနာရှင်ပြည်သူများနှင့် ဒေသခံပြည်သူများ လှူဒါန်းသည့် ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များကို မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်(၈၄)ကျောင်းသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း လုပ်အားဒါနကုသိုလ် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)